Guest. It's 06:33 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
News & Articles
လှတဲ့ “ပန်နီ”


Posted on Dec 18 06 - 10:03 AM | Hits : 6217 | Save as PDF

URL : http://www.planet.com.mm/news/read.cfm/id/10320

Beauty & Fashion ပရိသတ်များအတွက် New York Times ၀က်ဘ်ဆိုက်မှာ တွေ့ရတဲ့ စပိန်မင်းသမီးချော ပင်နီလုပ်ပ်ခရုဇ်ရဲ့ အင်တာဗျူးကို တင်ဆက်ပေးလိုက်ပါတယ်။

မေး - ပန်နီရေ.. Volver ရုပ်ရှင် ဒါရိုက်တာ Pedro Almodovar က မင်းအတွက် Rainmunda ဇာတ်လမ်းလည်း ရေးပေးခဲ့တယ်နော်။ သူနဲ့ စပြီး တွေ့ခဲ့ကြပုံကို ပြောပြပါဦး
ဖြေ - Volver က ကျွန်မတို့အတူရိုက်ဖြစ်တဲ့ တတိယမြောက် ရုပ်ရှင်ပါ။ ကျွန်မ ငယ်ငယ်ကတည်းက မင်းသမီးဖြစ်ချင်ခဲ့တယ်လေ၊ အဲဒါအပြင် မင်းသမီးဖြစ်ရင် Pedro နဲ့ ရိုက်ချင်တယ်ဆိုတဲ့ ဆန္ဒလည်း အဲဒီကတည်းက ရှိခဲ့တာပါ။ ကျွန်မ အသက် ၁၈-နှစ်မှာ ကျွန်မရဲ့ ပထမဦးဆုံး ရုပ်ရှင် 'Jamon Jamon' စပြီး ပြသတဲ့အချိန်၊ ကျွန်မ အိမ်မှာပေါ့.. ဆံပင်တွေခြောက်အောင် လေမှုတ်နေရင်း The Mission ထဲက Morricone ရဲ့ သီချင်းတွေကို နားထောင်နေတဲ့အချိန်ပေါ့.. Morricone က Pedro ရဲ့ “Tie Me Up! Tie Me Down!” ရုပ်ရှင်အတွက် ဂီတဖန်တီးမှုကို လုပ်ပေးပြီးကာစ ဖြစ်မယ်။ ကျွန်မက The Mission ထဲက သီချင်းကို တစ်လလုံး နေ့တိုင်းနားထောင်တယ်။ ကျွန်မ အဲဒီလိုလုပ်တော့ အိမ်မှာဆိုရင် Pedro ကို မသိသူမရှိပါဘူး။
အဲဒီအချိန်မှာ ဖုန်းမြည်လာတယ်၊ Pedro ဆီကဖုန်းလို့ ကျွန်မကိုလှမ်းပြောတယ်။ အိမ်ကလူတွေက ကျွန်မ Pedro နဲ့ ရုပ်ရှင်သိပ်ရိုက်ချင်တာ သိနေကြတယ်ဆိုတော့လေ.. ဖုန်းသာသွားကိုင်ရတယ် စိတ်ထဲကတော့ သူတို့ကျွန်မကို နောက်တာလို့ပဲ ထင်နေတယ်။ ဒါပေမယ့် တကယ် သူပါပဲ။ အသံကြားကြားချင်း သူမှန်းကျွန်မ မှတ်မိတယ်။ အဲဒီ ဟယ်လို ဆိုတာကပဲ ကျွန်မရဲ့ ဘ၀အစ ဖြစ်လာခဲ့တာပေါ့။

မေး - မင်းက ဘဲလေးအကသင်တန်း တက်ခဲ့တယ်နော်
ဖြေ - ကျွန်မ အသက် ၄-နှစ်ကတည်းက ကတယ်။ မိဘတွေက သာမန်အလုပ်အကိုင်လေးတွေပဲ လုပ်ပေမယ့် ကျွန်မကို ဂီတ၊ ရုပ်ရှင်နဲ့ အကဘက်ကို တွန်းပို့ခဲ့ကြတယ်။ အဲဒီတုန်းက ပင်ပင်ပန်းပန်း လေ့ကျင့်သင်ကြားခဲ့ရတာတွေအတွက် အခုအချိန်မှာ ကျွန်မရဲ့ မိဘတွေကို ကျေးဇူးအများကြီးတင်မိပါတယ်။ အဲဒီလေ့ကျင့်မှုတွေကနေ ကျွန်မမှာ စွမ်းအားတွေ အများကြီးရှိစေခဲ့တယ်၊ တည်ငြိမ်ရင့်ကျက်စေတယ်။ နောက်တော့ သရုပ်ဆောင်အလုပ်ကို လုပ်နိုင်ခဲ့တယ်လေ။

မေး - ဒီ Volver ရုပ်ရှင်က မိန်းမသားတွေရဲ့ မိသားစုအကြောင်း ကိုယ်ရေးအတ္ထုပတ္တိဆန်ဆန် တင်ပြထားတယ်နော်။ Volver ဇာတ်လမ်း အကြောင်းကိုရော Almodovar က ဘယ်လိုပြောပြခဲ့တာလဲ။
ဖြေ- သူက ဒီဇာတ်လမ်းအကြောင်း လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ကျွန်မကို ပြောပြခဲ့ပါတယ်။ အစတုန်းကတော့ ကျွန်မကို သမီးဖြစ်သူနေရာမှာ ပါဝင်စေဖို့ သူ စိတ်ကူးမိခဲ့မှာပေါ့။ ဒါပေမယ့် ကျွန်မက အမေနေရာက လုပ်ကြည့်ချင်တယ်။ ကျွန်မ ခုထိ မိန်းမကြီးတစ်ယောက်နေရာ သရုပ်မဆောင်ဖူးသေးဘူးလေ။ အမြဲ မိန်းကလေးတစ်ယောက်လိုပဲ လုပ်ခဲ့ရတယ်။
Pedro က ကျွန်မကိုကြည့်ပြီး ဇာတ်လမ်းကိုဆင်ခဲ့ပေမယ့် သူ့မှာ ဇာတ်ကောင်စရိုက်နဲ့ပတ်သက်ပြီး သိပ်ကိုတိတိကျကျ ပုံဖော်ထားတာရှိပါတယ်။ ကျွန်မတို့ ၃-လလောက် လေ့ကျင့်ဇာတ်တိုက်ခဲ့ရတယ်။ ကျွန်မ ထမင်းဟင်းချက်တာတွေ သင်ခဲ့တယ်။ သူက ဟင်းတွေကို အရသာရှိရှိ ချက်တတ်စေချင်တာမို့ ကျွန်မတို့ ချက်ထားတာတွေကို သူ့လည်း မြည်းစမ်းခိုင်းရတာပေါ့။ ပြီးတော့ Flamenco အဆိုတော်တစ်ယောက်ကို ခေါ်ပြီး ကျွန်မရဲ့ စကားပြောသံကို အသက်ကြီးကြီးအမျိုးသမီးအသံ ပေါက်အောင် လေ့ကျင့်ခဲ့ရတယ်။ ကျွန်မ အိမ်သန့်ရှင်းရေးလည်း စပြီးလုပ်ခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာ အိမ်သန့်ရှင်းရေးလုပ်နေတဲ့ အခန်းတွေ အများကြီးပါတယ်လေ။ ကျွန်မ အဲဒီလိုလုပ်တော့ အိမ်ကလူတွေက အံ့အားသင့်နေတာပေါ့။ ပင်နီလုပ်ပ်ရေ..မင်း နေရောကောင်းရဲ့လား၊ ဘယ့်နှယ်ကြောင့် အိုးခွက်ပန်းကန်တွေ ဆေးကြောနေရတာတုန်း..လို့ ပြောကြလေရဲ့။

မေး - မင်းကိုကြည့်ရတာ စပိန်လိုပြောဆိုသရုပ်ဆောင်ရတဲ့အခါ ပိုပြီးသက်တောင့်သက်သာ ရှိသလိုပဲ။ အင်္ဂလိပ်စကားက မင်းအတွက် သိပ်ခက်ခဲသလား
ဖြေ- ခုတော့ မခက်တော့ပါဘူး။ ဒါပေမယ့် ၁၉၉၇ တုန်းက ကျွန်မရဲ့ ပထမဦးဆုံး အင်္ဂလိပ်လိုပြောရတဲ့ ဇာတ်ကား “The Hi-Lo Country” မှာတန်ုးကဆိုရင် ကျွန်မ အင်္ဂလိပ်စကား တစ်လုံးမှမတတ်ဘူး။ ပြောရမယ့်စကားတွေကို အသံထွက်အတိုင်း ကျက်ခဲ့ရတယ်။ အဲဒီတုန်းကဆိုရင် လူတွေဘာပြောနေကြမှန်း နားမလည်လို့ တစ်ယောက်တည်း ရေအိမ်ထဲဝင် ငိုနေချင်တော့တာပဲ။ ကျွန်မ တစ်ခွန်းမှလည်း လွတ်မသွားချင်ဘူးဆိုတော့လေ.. ဒီဘာသာစကားကို လေ့လာဖို့ တွန်းအားတစ်ခု ဖြစ်ခဲ့တာပါပဲ။ အခုတော့ ကျွန်မရိုက်ခဲ့တဲ့ ရုပ်ရှင် ၃၅ ကားကျော်မှာ အင်္ဂလိပ်လို ပြောတဲ့ဇာတ်ကားတွေ အများကြီး ပါပါတယ်။

မေး - အိပ်မက်ထဲမှာကျတော့ ဘယ်ဘာသာစကားနဲ့ ပြောနေသလဲ
ဖြေ - အိပ်မက်ထဲမှာ စပိန်လိုရော အင်္ဂလိပ်လိုရော နှစ်မျိုးလုံး ပြောတယ်။ ပြီးတော့ အီတလီမှာ “Don't Move” ဆိုတဲ့ ကားရိုက်တုန်းက ကျွန်မ အီတာလျံစကား ပြောခဲ့တယ်လေ။ အဲဒီနောက်တော့ သုံးမျိုးလုံး ထည့်မက်တော့တာပါပဲ။ တခါတလေ အိပ်မက်က နိုးလာတဲ့အခါ ငါဘယ်သူလဲ လို့ သွားတွေးမိနေတတ်တယ်။

မေး - ပင်နီက အလုပ်လုပ်ရတာ နှစ်သက်တယ်နော်။ တခါတလေ အပန်းဖြေခရီးသွားတာမျိုးရော ရှိလား
ဖြေ - မသွားဖြစ်ပါဘူး။ ခေါင်းထဲမှာတော့ ရှိတယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းက အနားယူမယ်လို့ စိတ်ကူးခဲ့ပေမယ့် တစ်ချိန်လုံး အလုပ်လုပ်နေခဲ့တာ လေးရက်ပဲ နားခဲ့ရတယ်။ အားလပ်ရက်တွေမှာတောင် ကျွန်မ အလုပ်လုပ်တယ်။ ဒီနှစ်တော့ ခရစ္စမတ်မှာ မိသားစုနဲ့ ကာရေဗီယန်ကို ခရီးထွက်မယ်လို့ စိတ်ကူးခဲ့တာပဲ၊ ဒါပေမယ့် အလုပ်လုပ်နေရတယ်။ တော်တော်ဆိုးပါတယ်။ BlackBerry ဖုန်း ကိုင်ဖြစ်ကတည်းက ရေချိုးခန်းကလည်း ရုံးခန်းဖြစ်သွားတာပါပဲ။ အိမ်ကလူတွေက တံခါးခေါက်ပြီး မင်းအလုပ်လုပ်နေတာ သိပါတယ်၊ အပြင်မှာနေရောင်ခံဖို့လည်း ထွက်လာပါဦး ပန်နီလုပ်ပ်ရေ လို့ လှမ်းခေါ်ရတယ်။ ကျွန်မ အလုပ်မလုပ်ဘဲ နေတတ်အောင် လေ့ကျင့်ရဦးမယ်။

မေး- မင်းက အမေရိကန်ရုပ်ရှင်တွေထဲမှာ တခြားနိုင်ငံကလာတဲ့ မိန်းမလှလေးတစ်ယောက်ပုံစံနဲ့ သရုပ်ဆောင်ရတာများတယ်နော်။ Volver ပြီးရင် အဲဒီလို သရုပ်ဆောင်မှုမျိုးအတွက် ခက်ခဲသွားမယ်လို့ ထင်သလား
ဖြေ - သိပ်သေချာတာပေါ့။ အခုက ပြောင်းလဲရမယ့်အချိန်လည်း ရောက်ပါပြီ။ ကျွန်မ အပြောင်းအလဲလေး လုပ်ချင်တယ်။ ကျွန်မ ရိုက်ကွင်းကို သွားတဲ့အခါမှာ စိတ်လှုပ်ရှားချင်တယ်။ ကျွန်မ လုပ်ချင်တဲ့ ဇာတ်ရုပ်တစ်ခုခု ရှိလာရင် ဗွီဒီယိုတိပ်ပေါ်မှာ လုပ်ပြပြီး အစမ်းသပ်ခံဦးမှာပါ။ တချို့မင်းသမီးတွေ သူတို့ငယ်ငယ်က ဘယ်လိုရုပ်ဆိုးပြီး ဘယ်လိုအခက်အခဲတွေကို ဖြတ်ကျော်ခဲ့ရတယ်ဆိုတာမျိုး ပြောရင် ကျွန်မသိပ်မုန်းတာပဲ။ ဒီလိုစကားမျိုးတွေကို နားမခံနိုင်ဘူး။ ဟောလီးဝုဒ်ကို ရောက်ချင်ခဲ့တယ်ဆိုရင် ကျွန်မတို့အားလုံး အခက်အခဲ ကိုယ်စီ ရင်ဆိုင်ခဲ့ကြရတာချည်းပါပဲ။ လျှော့တွက်ခံရမယ်၊ အပါးမနပ်ဘူးလို့ ထင်ကြမယ်။ ပြီးတော့.. သေသေချာချား စဉ်းစားကြည့်.. ဒီလို ဇာတ်ရုပ်တစ်မျိုးအတွက်တောင် ထူးထူးခြားခြား လုပ်မပြနိုင်ခဲ့ရင် ပိုပြီးခက်ခဲ့မှာပဲ။ ခုတော့ ကျွန်မက ဒီပုံစံအတွက် အသင့်လျော်ဆုံးတစ်ယောက်အဖြစ် ရွေးချယ်ကြတယ်လေ။

မေး- နောက်ထပ် လုပ်မယ်လို့ စဉ်းစားထားတဲ့အရာတွေက ဘာတွေပါလိမ့်
ဖြေ - အင်း.. ဂီတအခြေခံ အဆိုအက ဇာတ်ကားလေး ရိုက်ချင်တယ်။ ကျွန်မရဲ့ အနှစ်သက်ဆုံး ခရစ္စမတ်လက်ဆောင်လေးက ဘဲလေးဂါဝန်တိုလေးပေါ့။ အသက် ၆ နှစ်အရွယ်လောက်က အဲဒီလက်ဆောင်ရစဉ်မှာ အရမ်းစိတ်လှုပ်ရှားခဲ့တယ်လေ။ ပြီးတော့ Javier Bardem နဲ့ တွဲပြီး ရုပ်ရှင်ရိုပ်ချင်သေးတယ်။ ကျွန်မတို့နှစ်ယောက်ဟာ ပိတ်ကားပေါ်မှာ အလွန်လိုက်ဖက်တဲ့ စုံတွဲလေးဖြစ်မယ်ဆိုတာ သိပ်သေချာပါတယ်။ ဘာလို့ ကျွန်မတို့အတူတွဲ သရုပ်မဆောင်ရမှာလဲ။

မေး - ရုပ်ရှင်တစ်ခုမှာ Almodovar က မင်းနဲ့ Antonio Banderas ကို ညွှန်းဆိုပြောထားတာ တွေ့ရတယ်နော်။ မင်းတို့နှစ်ယောက်က ၂၀၀၀ ခုနှစ်တုန်းက Almodovar အော်စကာရခဲ့တဲ့ရုပ်ရှင် “All About My Mother” မှာ စုံတွဲအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ကြတယ်နော်။
ဖြေ - အဲဒီညကတော့ တကယ့်စံပါပဲ။ အော်စကာပေးပွဲမတိုင်ခင် တစ်ရက်မှာ ကျွန်မက L.A က စပိန်ကောင်စစ်ဝန်ရုံးမှာ အခမ်းအနားတစ်ခုကို သွားရတယ်။ အစားအသောက်တွေက စားလို့ကောင်းပါတယ်။ empanada မုန့် တစ်ခုကို ကိုက်လိုက်တဲ့အချိန်မှာ ကျွန်မရဲ့ ရှေ့သွား ပဲ့သွားတယ်။ အဲဒီ ပဲ့သွားတဲ့ အသံကို ကြားလိုက်တဲ့ခဏမှာ ကမ္ဘာကြီးတစ်ခုလုံး ရပ်သွားသလိုပါပဲ။ မနက်ဖြန်ဆိုရင် ကျွန်မက ပထမဦးဆုံးအကြိမ်အဖြစ် အကယ်ဒမီပေးပွဲကို တက်ရမှာမဟုတ်လား။ ကျွန်မ သွားဆရာဝန်အမြန်လိုက်ရှာရတယ်၊ နောက်ဆုံးမှာ Antonio က သူ့ သွားဆရာဝန်ကို ပါတီပွဲကနေ အမြန်လာခဲ့ဖို့ မနက်(၁)နာရီကြီးမှာ မရအရခေါ်ပေးပြီး ကျွန်မကို ကူညီခဲ့တယ်လေ။ ဒါကြောင့် Pedro လည်း ဆုရရော၊ ကျွန်မလည်း စိုးရိမ်ကင်းကင်းနဲ့ ပြုံးပျော်နှုတ်ဆက်နိုင်ခဲ့တာပေါ့။

Ref: New York Times (www.nytimes.com)
 Printable Version | Mail This | | Comments  
 
No record to display.
Post a comment
You must login to comment on planet.
Your Comment (No HTML; Comments are limited to 1500 characters.)

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.