Guest. It's 04:57 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
Go to Index
Hi Guest
    All forums        Books Forums jump :
  Page : of 2
  
   မနော်ဟရီ(manorhary)
kokayin
7099


Planet Strong Member
 
16/11/2008
5005 posts
 21.နွေကို ဖွဲ့တဲ့တိမ်  Mar 11, 2010 8:09 PM
နွေကို ဖွဲ့တဲ့တိမ်


အိပ်မက်တွေထဲက ကမ်းပါးလေးတစ်ခုပေါ်မှာ ကိုယ်ရပ်နေမိတယ်။

ဟိုး.. ခပ်ဝေးဝေးက သေးငယ်တဲ့ အစက်ကလေး တစ်စက်ဟာ သစ်အယ်သီးရောင် လှေကလေး တစ်စင်းများ ဖြစ်မလား။ ဒါဆိုရင်တော့ ချစ်သူကို တင်ဆောင်လာတဲ့ လှေကလေးတစ်စင်းပဲ ဖြစ်မှာပါ။ ခက်တာက ရွှေအိုရောင် အလင်းသဲ့သဲ့တွေ အောက်မှာ ဘာကမှ မသဲကွဲခဲ့ပါဘူး။

………………………………………………………………………………………………………………


စီးကျလာတဲ့ မျက်ရည်စတွေကို တို့ထုတ်ဖယ်ရှားဖို့ မေ့လျော့ရင်း ငယ်ငယ်က လှော်ခတ်ခဲ့ ဖူးတဲ့ စိတ်ကူး တိမ်တိုက်တွေအကြောင်း တွေးနေမိတယ်။ သူတို့ ကိုယ့်ဆီ ပြန်လှည့်လာခဲ့သေးသလား လို့ ..။ ဝင်္ကပါတွေအကြောင်း စဉ်းစားရင်းပေါ့ ..။

တစ်ချိန်ကတော့ ကိုယ်ဟာ လွမ်းစရာကောင်းတဲ့ ရနံ့တချို့ကို ရယ်ရယ် မောမောနဲ့ နားမလည် ပါးမလည် စိတ်ကူးယဉ်စွာ ရှူရှိုက်ခဲ့မိဖူးပါရဲ့ ..။ ခုတော့လည်း နောင်တ တချို့နဲ့အတူ စွတ်စွတ်စိုစို ပြုံးနေမိပြန်တယ်။

တကယ်ဆို .. ကိုယ်ဟာ ကိုယ်ရဲ့ အိပ်မက်တွေအပေါ် သစ္စာ မမဲ့ခဲ့သင့်ဘူး။ ဒါပေမယ့်ကွယ် .. ကိုယ်ဟာ ၂၁ရာစု သိပ္ပံခေတ်ကြီးထဲမှာ ရှင်သန် ကြီးပြင်းနေရတဲ့ လူတစ်ယောက်ဖြစ်နေခဲ့တယ်။ လောကရဲ့ လျို့ဝှက်ချက်တွေကို တပင်တပမ်း သင်အံ လေ့လာတူးဖော် ကြည့်ခဲ့ပြီးကာမှ ကိုယ့်အိပ်မက်ရဲ့ လျို့ဝှက်ချက်ကို ဆန်းစစ်ဖို့ကျတော့ မေ့လျော့နေခဲ့မိတယ်။

ချစ်သူရယ် .. ကိုယ့်ကို ခွင့်လွှတ်နားလည်ပေးပါ။ ဟိုး… ကမ္ဘာ တစ်ဖက်ဆီကနေ ကိုယ့်ကို တမ်းတနေခဲ့ရတယ်ဆိုရင်ပေါ့ ..။

………………………………………………………………………………………………………………


ချစ်စရာကောင်းတဲ့ ဆံနွယ် ခွေခွေပျော့ပျော့လေးတွေက အိပ်မက်ထဲမှာတောင် ညိုရွှေရောင် တောက်ပနေခဲ့ပြီး ကိုယ့်ကို ရင်မောစေနိုင်ခဲ့ပါလျက်နဲ့ ကိုယ်စာ နံနက်ခင်း အလင်းနဲ့အတူ မေ့လျော့ပစ်နိုင်အောင် ကြိုးစားနိုင်ခဲ့ရက်တယ်လို့ ပြောရင်လည်း ခံရမှာ ပါပဲ။ နူးညံ့ကြည်စင်လွန်းတဲ့ မျက်ဝန်းလက်လက်တွေဟာ ကိုယ့်ကို ညွတ်နူးမိန်းမောစေခဲ့ ပါလျက်နဲ့ ကိုယ်က ဒီ မျက်ဝန်းအစုံကို အသိမ်းလွန်ပြီး ထုတ်မကြည့်မိတော့တဲ့ အရာတစ်ခုလို ထားခဲ့မိတယ်။

တကယ်ဆို သက္ကရာဇ်တွေဟာ တစ်စစီ ပြန်ကောက်ယူလို့ရတဲ့ မှန်ကွဲတစ်ချပ်မှ မဟုတ်တာ။ သံသရာဆိုတာကိုလည်း လေ့လာ သိရှိထားခဲ့ပေမယ့် အတိတ်မေ့ သစ်သီး တွေကို စားသုံးခဲ့ရလေတော့ ဘာကိုမှ ဆက်စပ်မရတာ ကိုယ့်အမှားလားကွယ်။ ချစ်သူရယ် တကယ်ပဲ ကိုယ်တို့ဟာ အရင် ဘဝအဆက်ဆက်ကတည်းက တွေ့ဆုံဖို့ ဆန္ဒ ပြုခဲ့ ကြသလား။ ဆုတောင်းတစ်ခုကို အတူပြုခဲ့မိကြသလား။ ကိုယ်တို့ ဘယ်သိနိုင်ကြမှာလဲ။

ဒါဆိုလည်း ကိုယ်တို့ ဒိထက်ပို စောစော တွေ့ခဲ့သင့်တာပေါ့နော်။ ဘဝရဲ့ စာမျက်နှာ တွေဟာ ဘာပြီး ဘာလာမယ်ဆိုတာ ကြိုတင်သိခွင့်ရတဲ့ အရာတွေ မဟုတ်ခဲ့လေတော့ တစ်နေ့နေ့မှာ အဲဒီအိပ်မက်တွေဟာ ကိုယ်ကြုံနေကျ အတိုင်း ကိုယ့်ရှေ့ ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ရဲခဲ့ဘူးလေ။

………………………………………………………………………………………………………………


ညိုရွှေရောင် ဆံနွယ်ခွေခွေလေးတွေရယ် သစ်အယ်သီးရောင် လှေကလေး တစ်စင်းရယ်။ ညင်သာစွာာ ကိုယ့်လက်ထဲ ထည့်ပေးခဲ့ဖူးတဲ့ ဆင်စွယ်နှစ်ရောင် ရိုမန်ကက်သလစ် တွေရဲ့ လက်ဝါးကပ်တိုင်ပုံပါ ပုတီးတစ်ကုံးရယ် သားရေဖုံးအနက်ရောင်ပေါ်မှာ ရွှေရောင် လက်ဝါးကပ်တိုင်ပုံ ရိုက်နှိပ်ထားတဲ့ ကျမ်းစာအုပ်တစ်အုပ်ရယ် ပြီးတော့ ချစ်သူ ဝတ်ဆင် ထားတဲ့ ဆင်စွယ်ရောင် ခပ်နွမ်းနွမ်း ရှပ်အကျီ င်္ ကပိုကရိုရယ် ၊ ဘယ်လိုမှ ပြောမပြတတ် လောက်အောင် ရင်ထဲမှာ နင့်နေတဲ့ ခံစားမှု တစ်ခုရယ် နဲ့ ကိုယ်တို့ ဝေးကွာ သွားခဲ့ရပြန်တယ်။

ကိုယ်က ဘာလို့မှန်းမသိ။ ကမ်းပေါ်မှာ ကျန်နေခဲ့ပြီး မျက်ရည်တွေနဲ့ လှေကလေး ထွက်သွားရာကို ငေးကြည့်နာကျင်နေမိတယ်။ အိပ်မက်က အနိုးမှာ သည်းသည်းထန်ထန် ရှိုက်ငိုနေမိပြန်တဲ့ နေ့ရက်တွေကို ကိုယ် .. ဘာလို့ မေ့လျော့ထားပစ်ခဲ့ရတာလဲ။

လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ဖူးတဲ့ အိပ်မက်ထဲက ပုတီးလေးနဲ့ ကျမ်းစာအုပ်ကလေး ဟာ ကိုယ့်ဆီမှာ တကယ်ပဲ ရှိနေခဲ့တာတော့ အံ့သြစရာပါ။ ကိုယ် ကိုယ်တိုင် ဝယ်ယူ ထားတာလည်း မဟုတ် .. တစ်စုံတစ်ယောက်က တသီးတသန့် ပေးတာလည်း မဟုတ်ပါပဲ တဆင့် တဆင့် လက်ဆင့်ကမ်းရင်း ကိုယ့်ဆီမှာ ခရီးဆုံးခဲ့ရတဲ့ ပစ္စည်းလေးတွေ ဖြစ်နေခဲ့တယ်လေ။

တရွေ့ရွေ့ ထွက်ခွာသွားတဲ့ လှေကလေးပေါ်က ချစ်သူရဲ့ အညိုရောင် မျက်ဝန်းတွေကို ပြန်တွေးကြည့်မိတိုင်း တုန်လှုပ်ချောက်ချား မှုတွေနဲ့ ရင်ဆိုင်တိုးရတော့တာပါပဲ။ ဒါကြောင့် ထင်ပါရဲ့..။ ကိုယ်ဟာ လက်တွေ့ကျချင်ယောင်ဆောင်ပြီး အိပ်မက်တွေကို မေ့လျော့ ထားခဲ့မိတာ။

တကယ်ဆို ကိုယ်ဟာ မုန်တိုင်းထဲက လွတ်မြောက်လာကာစ ငှက်ကလေး တစ်ကောင်ပါ။ သောကဝန်ထုတ်တွေ လေးလေးလံလံ ပိပြိုကျခဲ့တဲ့ ဒါဏ်တွေကို ခံစားခဲ့ရပါတယ်။ အဲဒီ အချိန်တွေမှာ အဲဒီ မျက်ဝန်းတွေကို မတမ်းတဖြစ်အောင် ဘယ်လိုနေထိုင်ခဲ့ရတယ် ဆိုတာကတော့ ကိုယ်ပဲ သိပါတယ်လေ။ တကယ်တော့ ကိုယ်ဟာ မီးပြင်းတိုက်ခံထားရတဲ့ သံမဏိ တစ်စလို မာကျောနေခဲ့ပါပြီ။

………………………………………………………………………………………………………………


ဒါပေမယ့်ကွယ် .. သိပ်အံသြစရာကောင်းတာပဲ။

ဟိုး .. ဝေးဝေးက .. သေးငယ်တဲ့ အစက်ကလေး တစ်စက်ဟာ ကိုယ့်ကမ်းဆီ တရွေ့ရွေ့ ပြန်လည် ချဉ်းကပ်လာတဲ့ သစ်အယ်သီးရောင် လှေကလေး ဆိုတာလည်း သိရော ကိုယ်ဟာ အရင်ကလိုပဲ ပန်းကလေးတစ်ပွင့် ပြန်ဖြစ်သွားတယ်။ တသုန်သုန် ဖြတ်သန်း တိုက်ခတ်လာတဲ့ ရနံ့ချိုချိုတွေကို ခေါင်းမော့ လည်ဆန့်ရင်း နှစ်လိုနေတတ်တဲ့ ပန်းကလေး တစ်ပွင့်လို ကိုယ်ဟာ လန်းဆန်း သက်ဝင်လို့ …။ ကိုယ့်ရင်ထဲမှာလည်း ရင်ခုန်သံတွေ မကြုံစဖူး လန်းဆတ် သစ်လွင် ပျိုမြစ်လို့။ သူ တကယ်ပဲ ကိုယ်ကျန်ရစ်ခဲ့ရာ ကမ်းဆီ ပြန်လှည့်လာခဲ့တယ်လေ။ ကိုယ် လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားတဲ့ ဆင်စွယ်ပုတီးလေးကို အသာ ပြန်ကြည့်မိတယ်။ အိပ်မက်ထဲမှာ သူပေးခဲ့ဖူးတဲ့ ဆင်စွယ် ပုတီးလေးနဲ့ တစ်ထေရာတည်း ပါပဲ။

ခုတစ်ခါမှာတော့ ကိုယ် … သူကမ်းပေးလာတဲ့ လက်ကို ဆုပ်ကိုင်လိုက်မိပါပြီ။ လှေကလေးပေါ်ကို ညင်သာစွာ ဆွဲယူ တွဲခေါ်သွားရာကို ကိုယ်လိုက်ခဲ့မိပြီ။ ခပ်နွမ်းနွမ်း ဆင်စွယ်နှစ်ရောင် ရှပ်အကျီ င်္ ကပိုကရို အောက်က ချစ်သူရဲ့ ဆင်စွယ်နှစ်ရောင် အသားနုနု ကိုလည်း မြင်နေရတယ်။ ဒါဟာ ငယ်ငယ်တုန်းက မက်ခဲ့တဲ့ အိပ်မက်တွေလိုပဲလား။ နိုးထ လာခဲ့ရင် ကိုယ် ငိုရှိုက်နေခဲ့ ရဥိးမှာလား။

………………………………………………………………………………………………………………


ကိုယ့်ရဲ့ အညိုရောင် ဆံစတွေနဲ့ သူ့ရဲ့ ညိုရွှေရောင် ဆံနွယ်ခွေတွေ ရောယှက်သွားချိန်မှာ ကိုယ် ..သူ့ရင်ခုန်သံကို သေသေချာချာ ကြားလိုက်ရပါပြီ။ နတ်ဆိုးတွေ သက္ကရာဇ် အဆက်ဆက် လိုက်လံ နှောက်ယှက် ဖျက်ဆီးထားတာကို ခံရတဲ့ ကစားပွဲလေးတစ်ခုကို အဆုံးသတ်လိုက်ရသလို ကိုယ်တို့ နိုင်ခဲ့ကြပြီလား …။ သူ့ရင်ဘတ်ပေါ် စီးကျသွားတဲ့ ကိုယ့်မျက်ရည်တွေကို သူက လွတ်လပ်စွာ စီးဆင်းခွင့် ပေးတယ်။ ပြီးမှ စကားတစ်ခွန်းကို တိုးဖွညင်သာစွာ ဆိုတယ်။

“ အရာအားလုံး ပြီးဆုံးသွားပြီပဲကွယ် မင်းရဲ့ မျက်ရည်တွေဟာ ဒါ နောက်ဆုံး ဖြစ်မှာပါ ”

တဲ့။

တင်းကြပ်စွာ ဆုပ်ကိုင်ထားတဲ့ လက်နှစ်ခုကြားမှာ ဆင်စွယ်နှစ်ရောင် ပုတီးလေး ရှိနေတယ်။ ဒါပေမယ့် ဘယ်သူကမှ မဖယ်ပစ်ကြဘူး။ သူ့ရင်ခွင်ထဲမှာ ကိုယ်ရှိနေခဲ့ပြီး ကိုယ့်ရင်ခွင်ထဲမှာတော့ ကျမ်းစာအုပ်ကလေး ရှိနေတယ်။ တရွေ့ရွေ့နဲ့ ထွက်ခွာနေတဲ့ လှေကလေးနဲ့အတူ ကိုယ်တို့ ဘယ်ကို သွားကြမှာလဲ။

ကျန်ရစ်ခဲ့တဲ့ ကမ်းတစ်ဖက်ဆီမှာတော့ ဒါဏ်ရာ အနာတရတွေနဲ့ အတိတ်အားလုံးကို ထားခဲ့လိုက်ပြီ။ လုံခြုံနွေးထွေးရာ နေရာသစ် တစ်ခုကို ချစ်သူနဲ့အတူ သွားနေကြပြီပဲလေ။ ကိုယ်တို့ရဲ့ ဥိးတည်ရာကောင်းကင်ဟာ အလင်းတချို့နဲ့အတူ ကြည်စင်လို့ ..။ လှပတဲ့ တိမ်ဖြူတချို့ စီးမျောနေရာ ကောင်းကင်ပြင်ကြီးကို အတူငေးကြည့်ရင်း ကိုယ့် မျက်ရည်တွေ သွေ့ခြောက်သွားတာကို သတိပြုလိုက်မိတယ်။

“ ဟိုးမှာ ကြည့်စမ်း ”

“ အင်း ”

“ အဲဒါ နွေကို ဖွဲ့တဲ့ တိမ်တွေ ”

“ နွေကို ဖွဲ့တဲ့တိမ် ..”

ကိုယ် သံယောင်လိုက် လိုက်မိတယ်

“ ဟုတ်တယ် မိုးတိမ်တွေလို စွတ်စိုမှုကို မပေးဘူး။ ဒီအတွက် မင်း မငိုရတော့ဘူး ”

“ ရှင် ”

“ ဟုတ်တယ် နောက် မိုးတိမ်တွေလို မည်းမှောင်မနေဘူး ဒီအတွက် မင်းဘဝမှာ အမှောင်ဆိုတာ မရှိရတော့ဘူး ”

“ အိုး ..”

တကယ်ပါ။ ဘာပြန်ပြောရမှန်း မသိတဲ့အတွက် တိတ်ဆိတ်နေမိတယ်။ ဒါပေမယ့် အဲဒီ တိတ်ဆိတ်မှုဟာ သိပ်ကြည်နူးချမ်းမြေ့စရာ ကောင်းတာကို သိနေတယ်။ မှီနွဲ့ထားမိတဲ့ သူ့ရင်ခွင်ဟာလည်း နွေကို ဖွဲ့တဲ့တိမ်တွေ စီးမျောရာ ကောင်းကင်ပြင်လိုပဲ နွေးထွေး ကြည်စင်နေခဲ့တယ် ဆိုတာကိုတော့ ကိုယ်ကလွဲလို့ ဘယ်သူမှ သိနိုင်တော့မှာ မဟုတ်ပါဘူး။


…………………………………………….. မနော်ဟရီ ………………………….
kokayin
7099


Planet Strong Member
 
16/11/2008
5005 posts
 22.တစ်ရံတစ်ခါဆီမှာ ရှိခဲ့ဖူးပါရဲ့  Mar 11, 2010 8:21 PM


တစ်ရံတစ်ခါဆီမှာ ရှိခဲ့ဖူးပါရဲ့

(၁)
ဂစ်တာကြိုးပေါ်တွင် ဖိနှိပ်ဆော့ကစားနေသော သူမ၏လက်ကွက်များက မြန်ဆန်လာသည်။
ဂစ်တာသံကလည်း တဖြည်းဖြည်း ပြင်းထန်လာသည်။ သီချင်းတစ်ပုဒ်၏ အစပိုဒ်ကိုပဲ
ထပ်တလဲလဲ ကြောက်မက်ဖွယ်ကောင်းအောင် တီးခတ်နေတာ ဘယ်လောက်ကြာပြီလဲ။
ရင်ထဲမှာ ပြည့်ကျပ်နေတဲ့ အဲဒီသီချင်းရဲ့ စာသားတွေက ဘာလို့များ နှုတ်ဖျားထိ
ရောက်မလာခဲ့တာတဲ့လဲ။

လက်ကွက်တွေကို လျှော့ချပစ်လိုက်သည်။ ကြိုးနှင့် လက်အထိအတွေ့သည်
ညင်သာစွာပင် ရပ်တန့်သွားတော့၏။ ဘာတွေများ ဖြစ်နေပြီလဲကွယ်။ ဒါနဲ့များ
အတွေ့အကြုံများလွန်းလို့ သိပ်ခံစားရတော့မှာ မဟုတ်ဘူး ... ဆို။ လောကမှာ
ကိုယ့်ကိုယ်ကိုယ် လိမ်ညာရတာ ပင်းပန်းလှပါဘိတော့။ မညာချင်ပါဘူး။ တကယ်ပါ။
သူမ ရင်ထဲမှာ မွန်းသိပ်ပြည့်ကျပ်စွာ ခံစားနေရတာကို သူမ ၀န်ခံပါတော့မည်။

ဟိုး.. အနောက်တောင်ဘက်မှာ မိုးသားတွေ မှိုင်းညို့လာနေပြီ။ အဲဒီလို
အချိန်အခါမျိုးပါပဲ။ သူမတို့ ခွဲခွာခဲ့ကြရတာ။ ခွဲခွာချိန်နှစ်ချိန်လုံး
အချိန် မဟုတ်တော့ပါဘဲ မိုးသားတွေ မှိုင်းညို့နေခဲ့တာ။ အဲဒီမိုးသားတွေဟာ
သူမတို့ရဲ့ ဝေဒနာတွေကို သိုဝှက်ထားရာ ကောင်းကင်ပြင်ကြီးဆီက လာခဲ့တာ
ဖြစ်မှာပေါ့။ ခုလည်း မှိုင်းညို့လာနေဲပန်ပြီ။ ပြီးရင်
ရန်ငြိုးဖွဲ့ရွာသွန်းဦးတော့မယ်။ ဒါပါပဲကွယ်။ မလိုလားမှုတွေကတော့
အနှေးနဲ့အမြန် ရောက်ရှိလာမြဲပါပဲ။

(၂)
အဲဒီနေ့က နံနက်ခင်းဟာ မိုးသားတွေကြောင့် ပိုပြီးအလင်းမဲ့နေတာကို သူမ
သတိထားခဲ့မိသည်။ အဆောင်က ထွက်လာကြတော့ ကားပေါ်မှာ
အော်ဟစ်နောက်ပြောင်သံတွေက ဟန်ဆောင်မှုနဲ့အတူ အသက်မပါစွာ ညံစီနေခဲ့သည်။
ခြောက်အက်အက်ရယ်သံများကလည်း ဖုံးလွှမ်းလို့။ ခါတိုင်းလည်း ဒီခရီး
ဒီလမ်းကို ဒီလူတွေနဲ့ပဲ ဒီနည်းနင်နှင် သူတို့က ပြန်သည်။ သူမတို့က
လိုက်ပို့သည်။

ခုတစ်ကြိမ်ကတော့ ခါတိုင်းနှင့်မတူ။ နောက်ဆုံးဟူသော အသိက ရှိနေခဲ့ပြီ။
တစ်ရထားတည်း စီးကြမှာပင်။ လမ်းတစ်လျှောက်မှာ ဘူတာတွေက မြောက်များစွာ
ရှိနေတာကို သူမတို့ မေ့ထားလို့ မရဘူး မဟုတ်လား။

ဝေဒနာဆိုသည် ကူးစက်လွယ်မှန်း သိတော့ အားလုံးက လျှို့ဝှက်စွာ
သိမ်းဆည်းရင်း ကြိုးပမ်းရယူထားသည့် အပြုံး အရယ်များနှင့် ဘူတာသို့
ရောက်ခဲ့ကြသည်။ ပစ္စည်းများကို တင်ရင်းချရင်း အတောမသတ်နိုင်အောင်
နောက်ပြောင်နေကြသေးသည်။ အပြုံးအရယ် နည်းသော ချစ်သူသည်ပင် သူမကို
ကြည်ရွှင်စွာ ရယ်မောပြနေခဲ့သေးသည် မဟုတ်ပါလား။

ဘုရားသခင် ဒီရယ်မောဆူညံသံတွေကကော မကြာခင် ကွယ်ပျောက်သွားတော့မှာလား။
ဒါတွေကို တကယ်ပဲ ချန်ထားခဲ့လို့ရလား။ ဒါဆိုရင် တိတ်ဆိတ်နေမယ့်
အဆောင်အခန်းက ဆီမဲ့ပတ္တာတွေရဲ့ တံခါးဖွင့်သံကို မုန်းတီးစွာ
ရင်ဆိုင်ရဦးတော့မှာပေါ့။

“၀ံပုလွေလာဆင်ရေ ဒီတစ်ခါတော့ ကျွန်မတို့ အလှည့်ပေါ့”ဟု ရင်ထဲမှ
တိတ်တဆိတ် ညည်းညူမိသည်။ တကယ်ပါပဲ။ ဟိုးလွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်ကျော်က
ခွဲခွာမှုမျိုး၊ ခု သူမ တို့ဆီ ဆိုက်ဆိုက်မြိုက်မြိုက်
ထပ်မံရောက်ရှိလာပြီဆိုရင် အတွ့အကြုံရင့်စွာ နှစ်သိမ့်ဦးတော့မှာလား မသိ”

ဟိုး...... ငယ်စဉ်ကစလို့ အဲဒီဘူတာရုံကလေးဆီကို ဒီလိုအချိန်ဆို သူမ
ဖခင်နှင့်အတူ ရောက်လာနေကျ။ ဖခင်၏လက်ကို ဆုပ်ကိုင်ထားရင်း
ဖခင်သံယောဇဉ်ကြီးသည့် သူ့တပည့်တွေ၏ အပြန်ခရီးကို သူမ ငေးမောခဲ့ဖူးသည်။
နှစ်များစွာ ကြုံတွေ့ခဲ့ရတော့ သူမအလှည့်ဆိုတာကို တွေးတတ်လာ၊
စိုးရွံ့တတ်လာခဲ့သည်။

ခုတော့လည်း တိတ်ဆိတ်စွာ ကြုံတွေ့နေရပြီကော။

ငယ်စဉ်က ဖတ်ခဲ့ရဖူးသည့် မဂ္ဂဇင်းထဲမှ ၀တ္ထုတိုလေးတစ်ပုဒ်ကို သတိရမိသည်။
ဖခင်၏ တပည့်တစ်ဦး ရေးသားခဲ့တာမို့ မှတ်မှတ်ထင်ထင် ရှိနေခဲ့သည်။
ကျောင်းပိတ်၍ အိမ်ပြန်ချိန်အကြောင်းကို အနုစိတ်ဖွဲ့ထားခြင်းဖြစ်၏။ ခု
သူ့ကို စာပေလောကမှတစ်ချို့က “၀ံပုလွေလာဆင်”ဟု အမည်ပေးထားသည်။

ဝံပုလွေလာဆင်ရေ စာတွေရေးပါဦး။
“ဘာတွေ တွေးနေတာလဲ”
ငြိမ်သက်နေသော သူမကို ချစ်သူက လက်ဖျားများကို ဆုပ်ကိုင်ရင်း မေးလာ၏။
လက်ဖျားနှစ်ခုလုံး အေးစက်နေခဲ့ကြသည်။

“၀ံပုလွေကြီးရဲ့ ၀တ္ထုတိုလေးကို သတိရမိလို့ပါ”

ချစ်သူက ပြုံး၏။ သူမတို့ အပြုံးတွေ ပီပြင်ပါရဲ့လား။

“သစ္စာဆိုတာ ရင်ထဲမှာ ရှိနေသရွေ့ တို့တွေ ဝေးမသွားပါဘူး” ဟု ချစ်သူ
ပြောခဲ့ဖူးသော စကားကို သတိရမိတော့ေ၀၀ါးစပြုလာသော အမြင်အာရုံက
ပြန်လည်ကြည်လင်လာသည်။

လသာသောည၊ ကုန်ဆုံးရသို့
အလှအိပ်မက်၊ မိုးသောက်ပျက်သို့
တစ်သက်တစ်ကမ္ဘာ၊ မဟုတ်ပါသော
ပညာသင်ဆုံး၊ နှစ်နိဂုံးဝယ်
ချစ်ထုံးမပြေ၊ နှောင်ရစ်ခွေလည်း
တစ်မြေတစ်ရွာ၊ ခွဲ၍ခွာအံ့
မကြာခဏ၊ ဖြစ်ကောင်းစွလည်း
ဘ၀လုံးပင်၊ စိတ်၌ ထင်သည်
ရင်မှာ အလွမ်းယူသွားမည် ။ ။

ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ကဗျာလေးတစ်ပိုဒ် ဖြစ်သည်။ ထိုကဗျာလေးကိုပင်
ရင်ထဲမှာ ရွတ်ဆိုရင်း ရထားထွက်မည့်အချိန်ကို ကြိုးမိန့်တစ်ခုလို
စောင့်စားနေမိတော့သည်။

သူက ကျန်နေခဲ့ရမယ့်သူပါ။ ခွဲခွာသွားရမယ့် ချစ်သူကရော။ သူမတို့အားလုံး
တဖြည်းဖြည်းနှင့် နာရီလက်တံတွေနှင့် ရန်ဖြစ်စ ပြုလာသည်။ မောင်မောင်၏
နောက်ပြောင်သံများပင် တိတ်ဆိတ်သွား သလိုပါပဲ။

အနာဂတ်သန္ဓေလောင်းက
ငါတို့ခွဲခွာရမယ့်အကြောင်း
အပ်ကြောင်းထပ် လှမ်းပြောနေတယ်။

သူမွေးဖွားလာတဲ့အခါ
ငါတို့ဟာ တစ်နေရာစီ
သံစဉ်မညီနိုင်တော့တဲ့ ဂီတတွေနဲ့
ကြေကွဲနေကြရမယ်တဲ့
ခြိမ်းခြောက်ခဲ့သေးတယ်။

မနီးမဝေးက
ရှုပ်ထွေးလှတဲ့ မြစ်လက်တက်များစွာ
အဲဒါ ငါတို့ လမ်းခွဲပါ ... တဲ့
လှောင်ရယ်နေတခဲ့တယ်။

ပျက်ကြွေသွားတဲ့
ငါတို့ရဲ့ နုပျိုခြင်းနဲ့
ကံ့ကော်နာရီတွေဟာ
အနာဂတ်သန္ဓေသားအတွက် “အသက်”ဆိုပဲ
ခပ်ရဲရဲစားသုံးနေတယ်။

သူငယ်ချင်းတို့ရေ
စိန်ခေါ်နေခဲ့ကြပြီ
ဘယ်လိုယုံကြည်ချက်တွေနဲ့
ငါတို့ အနိုင်ယူခဲ့ကြမလဲ
တည်မြဲသေချာတဲ့လမ်းကတော့
ငါတို့ကို စောင့်ကြိုနေခဲ့
မငိုတတ်ဖို့ဘဲ လိုပါတယ်
ဘယ်သောအခါမှ မရှုံးခဲ့ကြသလိုမျိုးပေါ့။ ။

ခွဲခွာချိန်ကဗျာတစ်ပုဒ်ကို သတိရနေမိစဉ်မှာပဲ၊ ရထားဥသြသံက ရှိုက်ငင်စွာ
ထွက်ပေါ်လာသည်။ သံဇကာခြားထားသော်လည်း မျက်ဝန်းမှ မျက်ရည်များ
ဝေ့၀ဲတ်လာသည်ကို ချစ်သူရော၊ သူငယ်ချင်းများပါ တွေ့မြင်သွားမှာမလွဲ။
သို့သော် ဘယ်သောအခါမှ မရှုံးကြသလိုမျိုး၊ သူမတို့ မငိုကြဖို့
ကြိုးစားရပါဦးမည်။

ဘ၀အတွက် အခြေခိုင်ဖို့ ကြိုးစာ့းရင်း ပြည့်စုံသည့် တစ်နေ့ကျ
လက်တွဲဖော်အဖြစ် ခရီးဆက်ကြရမည့် ချစ်သူကို ခွဲခွာခြင်းထက် ပျော်စရာကာလ၊
ပျော်စရာမြေနှင့် ချစ်သူငယ်ချင်းများကို ခွဲခွာရခြင်းက ရင်ကို ပို၍
ထိခိုက်စေလေသည်။

ရထားဥသြသံကြောင့် အားလုံး ပြန်လည်အသက်ဝင်လာကာ အော်ဟစ် နှုတ်ဆက်ကြသည်။
ချစ်သူက ဆုပ်ကိုင်ထား၍ ပူနွေးခဲ့ရသော လက်များ ပြန်လည်အေးစက်ရတော့မည်။
ခဏပဲဖြစ်မှာပါနော်။ ဒါပေမယ့် စည်းလုံးတဲ့ တို့မောင်နှမတွေရဲ့ လက်တွေကတော့
ဘယ်တော့များမှ ပြန်ဆက်မိတော့မှာလဲ။

ယုံကြည်ထားလို့မရတဲ့ အနာဂတ်
မချစ်မြတ်ချင်ပေမယ့်
မျှော်လင့်ချက်တချို့နဲ့ ဦးမော့ရင်း
ကြည်ပြာလွင်ပြင်ထဲက သက်တံ
ရောင်စဉ်ဖြန့်လာမယ့် နေ့ရက်တွေ
ကောင်းကင်ကို မော့ကြည့်ခိုက်
ဆုံလိုက်ဦးမလားရယ်ပေါ့။

ချစ်သူပေးထားသော ကဗျာစာရွက်ကလေးကို လက်ထဲမှာ ဆုပ်ကိုင်ထားရင်း လက်ပြ
နှုတ်ဆက်ဖို့ မေ့လျော့နေခဲ့မိသည်။ လှုပ်ယမ်းပြနေသော လက်များ၏
ပြန်လည်တွဲမဆက် နိုင်သောအဖြစ်ကို ရထားကြီးက သိများနေလေလားမသိ။
အိနြေ္ဒကြီးစွာဖြင့် ကျောခိုင်းသွားသည်။

“ပြန်ရအောင်လေ”ဟု သတိတရလာခေါ်သော မောင်မောင်နှင့်ပိုင်ဦးကို
ကျေးဇူးတင်စွာ ကြည့်မိသည်။ ခပ်လှမ်းလှမ်းမှာတော့ လက်ယပ်ခေါ်နေသော
လင်းတို့ညီအစ်မကို တွေ့ရသည်။ တစ်ကားတည်းစီးကာ အဆောင်အတူပြန်ကြဦးမည်။
ပြီးရင် လင်းတို့က ညနေ သင်္ဘောဆိပ် ဆင်းကြမည်။

ညရောက်ရင်တော့ အဆောင်မှာ အဆောင်မှူးရယ်၊ ဟောလ်ကျူတာတွေရယ်၊
ကျောင်းသူတစ်ချို့နှင့် ဂစ်တာတစ်လက်သာ အဖော်ရှိတော့သည်။
မတွေးချင်ပါဘူးကွယ်။

ကားလေးက အဓိပတိလမ်းမပေါ် ရောက်လာသည်။ ပိုင်ဦးက-
“အင်းဝ ဘုရားသွားဖူးဖို့ လိုက်ခဲ့ကြပါလား”
“ကောင်းသားပဲ”

သူမတို့ မငြင်းဘဲလိုက်သွားကြသည်။ အင်းဝဆောင်ရောက်တော့ အင်းဝဆောင်လည်း
တိတ်ဆိတ်ခြောက်သွေ့စပြုနေပြီ။ အင်းဝ ဘုရားကို နောက်ဆုံးအနေနှင့
ဦးခိုက်မိကြတော့ ချစ်သူနှင့်အတူ ပထမဆုံး ရောက်ခဲ့ဖူးတာကို သတိရမိသည်။
သူငယ်ချင်းများနှင့်လည်း လှည်းတန်းဈေးအထိ ပန်းများသွားဝယ်ကာ
ကပ်လှူခဲ့ကြဖူးသည်။ ခုတော့ နေရစ်တော့ အင်းဝရေ။

အဆောင်သို့ အပြန်လမ်းကလည်း ခြောက်သွေ့တိတ်ဆိတ်နေသည်။ ပျော်ရွှင်ရယ်မောကာ
ကျောင်းသွားနေကြသော ဆရာမများ၏ သားသမီးများ ဖြစ်ဟန်တူသည့် ကလေးငယ်မျာကို
တွေ့ရသည်။ ဟင့်အင်း သူမသာဆို အဲဒီလို ပျော်ရွှင်နေမှာ မဟုတ်ပါဘူး။
တက္ကသိုလ်နယ်မြေ၏ ခြောက်သွေ့မှုသည် သူမ၏ ခြောက်သွေ့မှုဟု ငယ်စဉ်ကတည်းက
ခံစားနေခဲ့ဖူးသည်ပဲ။ ဒါကြောင့်ပဲ သူမဖခင် ရန်ကုန်တက္ကသိုလ်မှ
ခွဲခွာသွားသည့်တိုင် သူမက ဖက်တွယ်ကျန်ရစ်ခဲ့တာ မဟုတ်လား။

ထိုနေ့တစ်နေ့လုံး မိုးက အုံ့တစ်လှည့်၊ နေသာတစ်လှည့်၊ ညနေ
သင်္ဘောဆင်းချိန်ကျတော့ မိုးတွေက မနက်ကလိုပဲ အုံ့ဆိုင်းလာပြန်သည်။
“ကောင်းကင်ကြီးက မဲ့တဲ့တဲ့”နြဲ့ဟု “လင်း”ကပင် မချိတရိ ဆိုခဲ့သေးသည်။
သင်္ဘောဆိပ်မှာတော့ မနက်ကလို သင်္ဘောထွက်သည်ထိ မနေမိ။ မကြာခင်ပန်းလှေများစွာ
လမ်းခွဲထွက်ခွာသွားမှာကို သူမ ထပ်မကြည့်ရဲပါ။ အဆောင်ဝင်ချိန်အမီ ပြန်ရင်း
တိတ်ဆိတ်ခြင်းနှင့် ရင်ဆိုင်ရတော့မည်ကို ချောက်ချားစွာ တွေးနေမိသည်။

တိတ်ဆိတ်နေတဲ့ နေ့ရက်တံခါး
ငါ့နှလုံးသားထဲမှာ ဖွင့်ဟတုန်ခါနေခဲ့ပြီ။
ယုံကြည်လိုက်ချစ်သူတို့ရေ
အရည်ပျော်ကျနေခဲ့ကြတဲ့
ငါတို့ရဲ့ ခံနိုင်ရည်အားများ
သွက်လက်စွာ စီးဆင်းသွားကြ
ဦးတည်ရာအရပ်ဟာ
လေဖိအားနည်းရပ်ဝန်းတစ်ခုပါပဲ။

ဟုတ်ပါရဲ့။ သူမရဲ့ ပတ်ဝန်ကျင်ကသာ တိတ်ဆိတ်နေတာ။ ရင်ထဲမှာတော့
မုန်တိုင်းတွေ အစပျိုးနေခဲ့ပြီလေ။ သူမတစ်ယောက်တည်း အခန်းအောင်းကာ
ဂစ်တာတစ်လက်နှင့် ရူးသွပ်နေခဲ့သည်။ အစရှိပြီး အဆုံးမရှိသော
တေးသွားများကို တီးခတ်ရင်း၊ သီဆိုရင်း။ အသံပျောက်သွားရင်း၊
ပြန်အားယူရင်း။တစ်ယောက်တည်း လှုပ်ခတ်နေခဲ့သည်။ ဖြေသိမ့်ရာကတော့
“ဝေးကွာခြင်းက တို့အတွင်းမှာ”ပဲပေါ့။

ယုံကြည်မှုတွေနဲ့ ကုစား
ဝေးကွာသွားခဲ့ကြလည်း
ခိုင်မြဲမြဲ ... ခိုင်မြဲ
တွဲလက်တွေမဖြုတ်စတမ်း
လက်တစ်ကမ်းမှာ
ငါတို့ပြန်ဆုံကြမယ်လို့ မျှော်လင့်
ပင့်သက်သံကိုယ်စား
သံစဉ်များစွာ ဖန်တီး
(လက်ရှိတင်္ဒဂကို) မေ့ပျောက်ပြီး နေချင်တယ်။

ဒါတွေဟာ အိပ်မက်တစ်ခုလို ဖြစ်ခဲ့တာပေမယ့် အိပ်မက်တစ်ခုလို
မေ့ပျောက်ပစ်လိုက်လို့ မဖြစ်နိုင်တာ ပိုသေချာလာတဲ့အချိန်မှာ သူမဟာ
မျက်ရည်တွေနဲ့ေ၀၀ါးနေခဲ့ပါပြီ။ သံစဉ်တွေလည်း ဖန်တီးနိုင်စွမ်းမရှိတော့။
အိပ်စက်ခြင်းကလည်း ဒီနေ့ညအဖို့ ကင်းဝေးနေခဲ့ဦးမှာပါပဲ။

မနက်လင်းတော့ သူမက ပို့ဆောင်သူမဟုတ်တော့။ နှုတ်ဆက်သူဖြစ်သွားရပြီ။
မရမ်းကုန်းဘက်က အဒေါ်ဖြစ်သူ အိမ်အရောက် မောင်နှမ၀မ်းကွဲတွေက သူမကို
နွေးထွေးစွာ ကြိုဆိုကြသည်။ သူတို့က သူမရောက်လာ၍ ပျော်ရွှင်နေကြသလောက်
သူမကတော့ စိတ်အနာရထားသူပီပီ၊ ဒဏ်ရာရ ကြောင်တစ်ကောင်လို
ချောင်တစ်ချောင်မှာ သီးသန့်နေချင်မိ၍ အခန်းအောင်းနေမိပြန်သည်။

(၃)
ထိုနေ့ညကတော့ အိပ်ဆေးအကူအညီဖြင့် အိပ်စက်ခွင့်ရခဲ့သည်။ နောက်တစ်နေ့ကျတော့
သူတို့မောင်နှမတွေ ပဲခူးသွားကြသည်။ သူမက မလိုက်ဖို့ ငြင်းဆိုတော့
အလိုက်သိစွာ ထားခဲ့ကြသည်။ အားလုံးထွက်ခွာသွားတော့ သူမဂစ်တာဆွဲကာ ခြံထဲရှိ
ပိတောက်ပင်ရင်းဆီလာထိုင်နေမိသည်။

လုပ်ချင်တာလုပ်လို့ရအောင် စာရွက်တစ်ထပ်နှင့် ဘောလ်ပင်ရောခဲတံပါ
ယူလာခဲ့သည်။ အလကားပါပဲ။ ကဗျာဆိုတာလည်း အတွေးထဲရောက်မလာ။ ခဲတံနှင့်
စာရွက်လည်း မိတ်မဆက်ဖြစ်ဘဲ ဂစ်တာတစ်လက်နှင့်သာ အချိန်ကုန်ခဲ့သည်။
အတွေးတွေ ၀င်လာတော့ ဂစ်တာလည်း သူမရင်ခွင်မှာ အိပ်မောကျလို့။

ခွဲခွာချိန် မြင်ကွင်းနှင့်အတူ ဟိုးတစ်ချိန်က ပျော်ရွှင်ခဲ့ချိန်များကို
ဒွန်တွဲမြင်ယောင်လာတော့ နေသာသောနေ့နင့် မိုးသည်းထန်စွာ ရွာသောနေ့တွေကို
ဖော်စွမ်းသော ပန်းချီကားတွေကို ဆွဲချင်မိသည်။ ပြီးရင်တော့
မိုးစဲသွားသည့်နောက် ပေါ်ထွက်လာတတ်သည့် သက်တံပုံ
ပန်းချီကားလေးတစ်ချပ်ပေါ့။

သူမ စိတ်တွေ ပြန်လည် နိုးထလာသည်။

ဆယ့်နှစ်ကြိုးတပ် ဂစ်တာလေးကို ဖိနှိပ်ကစားလိုက်တော့ ဂစ်တာလေးလည်း
အိပ်မောကျရာမှာ နိုးထလာရတော့သည်။ စောစောက တီးနေခဲ့သော အင်ထရိုပိုဒ်ကိုပဲ
ပြန်တီးဖြစ်သည်။ ဒီတစ်ခါတော့ ခြောက်သွေ့နေသော နှုတ်ခမ်းများ
စွတ်စိုလှုပ်ရှားလာကြသည်။ “တစ်ပွေတည်း”တဲ့။

ရင်ခုန်သံတွေတိုးတိတ်သွားပြီပဲ ... စကားသံတွေ မသဲကွဲ
တို့ နှစ်ယောက်လည်း ...
သံဇကာအလယ်မှာ တစ်ယောက်တစ်ဖက်ရှိနေဆဲ ဥသြသံရယ်
ရထားအထွက် မျက်နှာလွှဲ
ကံဆိုတာ ပြောရခက်တယ်အသည်း ပြန်မဆုံနိုင်သရွေ့တော့
တို့တစ်ပွေတည်း ...
အဆင်မပြေခင်လေးတော့ ဝေးမှာပဲ အတူနေတာ အချစ်ရဲ့
နိဗ္ဗာန်ပဲ ... နေပူမှာ မိုးမသည်းနဲ့လေ စဉ်းလဲခြင်းရဲ့ အမျက်ဒဏ်လေး
ဆုံးရှုံးမှုအတွက် အသက်ကိုစတေး ချစ်လျက်နဲ့ တစ်ဖက် အခက်တစ်ရာအရေး...
ပြန်လည်ကာတိုင်ပင်နေဆဲ
လမ်းခွဲဖို့ ရထားရှိုက်သံဆွဲ ...

“သို့ တစ်ရံတစ်ခါဆီ” ၏ အစပိုဒ် (သို့မဟုတ်) တစ်ပွေတည်း။

ရထားရှိုက်သံကို ခုပင် ကြားယောင်လာတော့သလို။ လက်ကွက်ပြောင်းကာ
ခပ်သွက်သွက်ကလေး တီးခတ်လိုက်တော့ “သို့ တစ်ရံတစ်ခါဆီ” ထဲ
စီးမျောသွားတော့သည်။

မှောင်ချိန်မတန်ခင် လင်းတဲ့နေ့တွေ တောင်ခြေတစ်နေရာ
ဘုရားမြတ်ရှေ့မှာ ... သူရယ်ကိုယ်ရယ် .. နှစ်ဦးသားတောင်းဆုခြွေ
ကိုယ်စီ ... လက်ထဲပန်းမြတ်သစ္စာ ... သူလေယူငင်ပေါင်း၍ အတူစုစည်း
ရင်ပြင်တော်မှ ပန်းအိုးထဲကို ပြန်လည်ဆုံအောင် အမှတ်တရနဲ့လေ ...

သူမတို့ သူငယ်ချင်းတစ်စုနှင့် ချစ်သူတို့သူငယ်ချင်းများ စုပေါင်းကာ
ရွှေတိဂုံရင်ပြင်ပေါ်သို့ ပန်းအိုးထဲ အတူပန်းစိုက်လှူခဲ့တာကို သတိရမိသည်။
ဒါဟာ တကယ်တမ်း ပြန်ဆုံနိုင်ကြဖို့အတွက် သေချာခဲ့မယ်ဆိုရင်ဖြင့် ကမ္ဘာပေါ်က
ပန်းတွေ ဘယ်တော့မှ နွမ်းခွင့်ရှိတော့မှာ မဟုတ်ပါဘူး။

ပြန်ချိန်တန်လို့ ခွဲရတော့ကွယ်၊ ဝေဒနာတွေရယ် အတိုင်းအဆမသိအောင်
ဒီလူတစ်စုံကို ထွေးပွေ့ထားရက်တယ်၊ အလာရယ်၊ အပြန်ရယ် ရှိရစမြဲမို့
ဖြေနိုင်စရာကို တမ်းတမမြင်သော်လည်း အိုလေ ... မေရယ် ရထားစထွက်ပြီ
တုန်ရီနေတဲ့ လက်တစ်ဖက်ထုတ်ကာ အ၀ါရောင်စာလွှာလှမ်းပေးလှမ်းရင်းယူ
ငိုသံလိုလို သဲ့သဲ့တစ်ချက်သာ ...

“အလာရယ်၊ အပြန်ရယ် ရှိစမြဲ”ဆိုတဲ့ လောကဓမ္မတာကြောင့်သာ
သူမတို့ခွဲခွာကြရတာပါ။ ဆုံတွေ့ခဲ့ကြရတာပါလို့ ဖြေသိမ့်ရဦးမှာပေါ့။
ငိုသံသဲ့သဲ့ တစ်ချက်က ဘယ်သူ့ဆီကလာတာလဲ။ သူမရဲ့ ဘယ်ဘက်ရင်ခွင်ဆီကလား။

ကြင်နာသူရယ် စိတ်ချပါရစေ စာလွှာမှာ သူမှာရေးတဲ့စကားကြောင့်လေ မြေပြင်ကို
ရန်ငြိုးဖွဲ့မိုးတွေ ဘယ်အချိန်ဘယ်ထိ သည်းမလဲမသိခင် ခိုလှုံရာကို
တွေးသိမိသည်နောက် ရောင်စဉ်ခုနစ်ဖြာ သက်တံမင်းကို
မျှော်ရည်ယုံကြည်တောင့်တဖူးတဲ့ တစ်ရံတစ်ခါဆီကို သတိရမိပါရဲ့ ...

ဘာပဲဖြစ်ဖြစ် မြေပြင်ကို ရန်ငြိုးဖွဲ့ရွာမယ့်မိုးတွေ
သည်းထန်ချိန်ပြီးရင်တော့ နေသာတဲ့နေ့တစ်နေ့ကို ပြန်ရဦးမှာပါ။
သူမနဲ့ချစ်သူတို့အတွက် သက်သက်ပေါ့။ ခင်မင်ရတဲ့ သူငယ်ချင်းတွေနဲ့
တွေ့ဆုံဖို့ရာကတော့ မိုးရွာပြီးတိုင်း သက်တံကို မြင်ရတတ်တာ မဟုတ်တဲ့အတွက်
ကြုံကြိုက်တိုက်ဆိုင်စွာ မြင်တွေ့ရမယ့် နေ့ရက်တွေကိုပဲ
စောင့်မျှော်ရပေဦးတော့မည်။

စောစောက အုံ့ဆိုင်းနေသော မိုးတွေ သည်းထန်စွာနှင့် အသံမြည်ဟည်းကာ
ရွာချာလာပြီ။ ပိတောက်ပင်ခြေရင်းကို အတားအဆီးမဲ့စွာ ၀င်ရောက်လာသော
မိုးရေစက်တွေကို ခံယူရင်း မျက်ရည်စက်တွေနှင့် ရောနှောစေ လိုက်တော့သည်။

ကျေးဇူးတင်ပါသည် မိုး။

သူမကတော့ “သို့ တစ်ရံတစ်ခါဆီ” နောက်ဆုံးပိုဒ်ကို ပြန်ကြော့ရန် ဂစ်တာကို
ဆက်လက် တီးခတ်ရင်း မိုးသည်းထဲမှာ နှစ်လိုစွာ ဆက်ထိုင်နေမိတော့သည်။


မနော်ဟရီ
ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်း
၁၉၉၆-၉၇ ခုနှစ်။
humannature
7019


Platinum Member
 
21/05/2008
1221 posts
 23.ိကောင်း ပါ တယ်။  Mar 12, 2010 1:53 AM
ဒီ လို ဝေ မျှ ပေး တာ ကောင်း ပါ တယ်။

kokayin
7099


Planet Strong Member
 
16/11/2008
5005 posts
 24.ဆုတောင်း  Mar 12, 2010 6:14 PM
ဆုတောင်း

ငါ့အလွမ်းမတင်မီကာလ
မှတ်တမ်းမှတ်ရာမဲ့စွဲမြဲနေသောအဖြစ်အပျက်များ
ခုချစ်ကြည့်တော့လည်း
ပုံပြင်အဟောင်းတွေပဲထွက်ကျလာ။

ဒါဏ်ရာမပါသောဆေးစက်က
အရသာမဲ့သတဲ့
ချဲ့ ကားပြောတတ်တဲ့ရာဇ၀င်က
ငါ့သံခြေကျင်းတွေးကိုလာလာရိုက်
ကံကြမ္မာနဲ့ များဇာတ်တိုက်ထားရော့သလား။

ဘ၀ဟာ..
တစ်ခန်းရပ်အမဲလိုက်ပြဇာတ်ဆန်ဆန်
ဖန်တံတံနဲ့ 
နှစ်ချို့ ရမ္မက်တွေ
မွေးရာပါအတ္တတွေ
လူစဉ်မမီသောအတွေးအခေါ်တွေ
တော်တော်မှအခြေတကျရှိပါရဲ့လား..။

ခေါ်သံများနှင့်နားအံသေ
ကြားရသောခရီးစဉ်အထပ်ထပ်က
တရားကိုစောင့်သောနတ်များ
ငါ့အား…
ကြိုးကွင်းတန်းလန်းနဲ့ ဗျာဒိတ်ပေးခဲ့ကြပါ …။ ။



မနော်ဟရီ
kokayin
7099


Planet Strong Member
 
16/11/2008
5005 posts
 25.အချိန်  Mar 12, 2010 6:16 PM
အချိန်

ငါဟာ. .
တဖြည်းဖြည်းဝေးလွင့်နေတဲ့တိမ်
ကျိမ်စာဖတ်မုန်တိုင်းတွေကြား
မြားအစင်းစင်းနဲ့ သွေးချင်းချင်းနီ
ကိုယ့်ကိုယ်ကိုပြန်ခေါ်ကြည့်တော့လည်း
အသက်မမီချင်တော့..။

ငါ့နောက်ကဘယ်သူလိုက်ခဲ့မှာလဲ
မိုးမစဲမချင်းခိုက်ခိုက်တုန်
ကံမကုန်သေးရင်လည်းပြန်မဆုံချင်တော့
လျော့ကြိုးတွေလည်းကုန်ခဲ့ပြီ..။

တောင်စွယ်မှာနေကွယ်ပြီဆိုပါတော့
ဇက်ပေါ်ကျလာမယ့်ဓါး
အဲဒီအခါကျမှမမှားဖို့ လိုတယ်..၊
အမှာစကားတွေလည်းမမှာကြားလိုတော့
သွားနှင့်ကြပါ…
ငါကားတိုင်ငါထမ်းပြီးလိုက်ခဲ့မှာပါ..။

အိပ်မက်တွေကနီတယ်
အနာဂါတ်ကမှောင်တောင်တောင်နဲ့ 
အရောင်တွေလွင့်နေတတ်တဲ့ငါ..
တဖြည်းဖြည်းမှိန်ဖျော့ပါးလျားလာခဲ့..
ငါကနေကွယ်တော့မယ်..။ ။



မနော်ဟရီ
kokayin
7099


Planet Strong Member
 
16/11/2008
5005 posts
 26.နောင်တ  Mar 12, 2010 6:21 PM
နောင်တ

ကိုယ့်တောင်တန်းကိုကိုယ်စွန့် ခွာခဲ့တဲ့ညက
ကိုယ့်ရောင်ခြည်မှာအမှောင်တွေသန်းလို့ 
ကိုယ်တို့ မိုးချူပ်ကြတော့မယ်။

ဆေးရောင်တွေလွယ်လွယ်ကူကူခြယ်ခဲ့မိကြတဲ့
၉၃…
ကိုယ်ကရင့်ကျက်ချင်တုန်းပဲ..။
မင်နီတံကိုင်ရင်းကြက်ခြေတွေခတ်
ကိုယ်က..
သိပ်စကားမတတ်တဲ့ကံ့ကော်အိုလို..။

လမိုက်နေတုန်းပါပဲ
ကမ္ဘာဟာလည်နေလျက်ကရပ်တံ့
သက္ကရာဇ်တွေကငါ့ရှေ့ မှာသွေးပျက်စွာခန့် ညားလို့ ..။

ရထားအိုလိုအတွေးတွေနဲ့ 
သက်ပြင်းတဖိုဖိုရှိုက်ငိုခဲ့ရ
၉၅ ရဲ့ ညတွေလည်းခုထိမိုးမစဲနိုင်သေး..။

အဲဒီလိုမလွယ်ကူခဲ့ကြပါဘူး
ရှုံးနိမ့်ခဲ့ဖူးသူတိုင်သိမှာပါ…
အမာရွတ်ဟာစကားတတ်တဲ့ငှက်တစ်ကောင်လိုပဲ
အရိပ်သုံးပါးနဲ့ အဝေးကြီးဝေးခဲ့..။

ခရီးကဝေးတုန်းပဲလား
စမ်းတ၀ါးဝါးနိုင်လွန်းတဲ့ကြယ်ကလေး
အတိတ်ရေးရေးတွေထဲပုန်းအိပ်
ကိုယ်ကခုထိတိတ်ဆိတ်နေရတုန်းပါပဲ..။ ။



မနော်ဟရီ
kokayin
7099


Planet Strong Member
 
16/11/2008
5005 posts
 27.သေတမ်းစာ  Mar 12, 2010 6:23 PM
သေတမ်းစာ

ငါ့ကိုပြန်ထွန်းညှိဖို့ မကြိုးစားပါနဲ့ တော့
ငါဟာတောင်စဉ်မရေမရာဖြစ်သွားခဲ့ပြီးပြီ..
ငါ့ရင်ဘတ်ကစောင်းကြိုးတွေကိုငါဖြတ်
ငါ့ကိုယ်ငါဇက်ကြိုးပြန်ပြန်တပ်နေရတယ်..
ငါ့ကိုယ်ငါ..ချုပ်သိမ်းငြိမ်းသတ်ဖို့ ကြိုးစားပြန်တော့လည်း
ငါ့အမှိုက်. .ငါ့သဲ..ငါ့ခဲတွေကငါ့ပဲပြန်စင်….
ငါ့မှာကကယ်တင်ခြင်းတပ်မရှိဘူး
ငါ့ရဲ့မိဝေးဖဝေးနှလုံးသားလေးထဲမှာ
ငါ့ဘာသာယက်ဖောက်ထားတဲ့ဘ၀ကွန်ယက်
ငါ့လက်မှာသွေးတွေထွက်လို့ ..။

ခင်ဗျားတို့ ဘယ်လိုအော်ခေါ်အော်ခေါ်
..တော်တော်နဲ့ ကြားနိုင်တော့မှာမဟုတ်ပါဘူး
အဆိပ်တွေစူးနစ်ထားတဲ့နာရီ
သက္ကရာဇ်တွေသိပ်ကြာသွားခဲ့ပြီးပြီ
ဇီဝကဆိုတာကလည်း..
ဒဏ္ဍာရီထဲမှာပဲဆေးစွမ်းနိုင်တာမျိုး…။

တစ်ခုပဲကူညီပေးကြပါ..
ငါသေဆုံးလွန်မြောက်သွားတဲ့အခါ
ငါ့လက်ထဲက..ငါမြတ်နိုးရာသရ၀ဏ်ကြယ်စုလေး
ငါ့ကောင်းကင်ဆီပို့ ပေးကြပါ..။

အဲဒီအခါ
ပြာရီမိုးမှုန်မိုးစက်တွေနဲ့ ရောနှော
ငါမပြောပြချင်တဲ့ငါ့ရဲ့ပုံပြင်
တောလမ်းလေးတစ်ခုမှာထင်ကျန်ခဲ့ရစ်ပါလိမ့်မယ်..။ ။



မနော်ဟရီ
rakhaine lay
7430


Platinum Member
 
20/10/2006
1030 posts
 28.ရခိုင်လေး  Mar 14, 2010 2:13 PM
မနော်ဟရီရိပ်သာ နဲ့ မနော်ဟရီလမ်းကိုတော့သိတယ် ထိုင်းသံရုံးလားမသိဘူးရှိတယ် heehee အဲ့ဒီနားက ယူဂျီနီးယားကြေးအိုးဆိုင်လည်းရှိတယ် Kmark ကောရှိတယ် ကြေးအိုးစားပီးဈေးဝယ်နိုင်ပါသည်ခင်ဗျာ heeheeheehee
1 2
Messages Results 21 - 28 of about 28 for seconds milliseconds. (0.141 seconds)
    All forums        Books Forums jump :
Planet Myanmar Forums. All rights reserved.
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.