ဒူဘိုင်းရှိ ဟိုတယ်တစ်ခု ဖွင့်ပွဲတွင်အခမ်းအနားတင်ဆက်သူအဖြစ် ရုပ်ရှင်မင်းသမီး ကိုင်လီမင်းနော့ဂ်အား ပေါင်(၂)သန်းဖြင့် ငှားရမ်းခဲ့ကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် အခမ်းနားဆုံး ဟိုတယ်တစ်ခု ဖြစ်လာမည့်ထိုဟိုတယ်မှာ တစ်ညတာ ဧည့်ခံပွဲကျင်းပခွင့်အတွက်ပင်လျင် ငှားရမ်းခ ပေါင်(၁၆)သန်းကျော်ကုန်ကျမည်ဟု ဟိုတယ်ပိုင်ရှင်များက ကြေညာထားသည်။ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ကျင်းပမည့် ဟိုတယ်ဖွင့်ပွဲတွင် မိနစ်(၆၀)စာမျှသာ အခမ်းအနားမှူးအဖြစ်ပါဝင်ရမည်ဖြစ်သော ကိုင်လီမိုင်းနော့ဂ်အတွက် ပေါင်(၂)သန်းပေးခဲ့ခြင်းကို ဟိုတယ်ပိုင်ရှင်များအဖွဲ့က အတည်ပြုခဲ့သည်။ ထိုပွဲတွင် မိုင်းနော့ဂ်မှာ အထူးဖိတ်ကြားထားသော ဧည့်သည်(၂၀၀၀)ရှေ့တွင် ပါဝင်ရမည်ဖြစ်သည်။ လူသားများပြုလုပ်ထားသည့် ပမ်းလ်ဂျူမီရက်ခ်ျ ကျွန်းတုပေါ်တွင် တည်ရှိသော အဆိုပါ အတ္တလန်တစ်ဟိုတယ်ဖွင့်ပွဲအား ညဘက်တွင်ကျင်းပမည်ဖြစ်ပြီး မီးရှူးမီးပန်း ပေါင်(၃)သန်းဖိုးပစ်လွှတ်ဦးမည်ဖြစ်သည်။
(အတ္တလန်တစ်ဟိုတယ်)
ဖျော်ဖြေရေးအစီအစဉ်သမိုင်းတလျှောက် အချိန်တိုအတွင်း ငွေအများဆုံးရရှိသူ ဖြစ်လာခဲ့သော ကိုင်လီမိုင်းနော့ဂ်ကမူ သူမအားငှားရမ်းမှုအတွက် တစုံတရာထင်ကြေးမပေးခဲ့ချေ။ မီးပန်းများ လွှတ်တင်ရန်အတွက် အိုလံပစ်အခမ်းအနားတွင် တာဝန်ယူခဲ့သော Grucci’s ကုမ္ပဏီအားငှားရမ်းထားပြီး အလျား(၄၃)ကီလိုမီတာရှည်လျားသော ကျွန်းတစ်လျှောက်လုံးမှ မြင်ရအောင် ခမ်းနားစွာပစ်လွှတ်မည်ဖြစ်သည်။ ထိုကျွန်းသည် ကမ္ဘာအရပ်ရပ်မှာ ထင်ရှားကျော်ကြားသော Celebrities များက အပန်းဖြေအိမ်များ ကြိုတင်ဝယ်ယူလေ့ရှိသော နေရာလည်းဖြစ်သည်။ ပျောက်ဆုံးနေသော ဒဏ္ဍာရီမြို့တော် အတ္တလန်တစ်၏ အမည်ကိုယူထားသော အဆိုပါဟိုတယ်မှာ ပေ(၄၀၀)မြင့်ပြီး အဆင့်အတန်းမြင့်မားသော ဗိသုကာလက်ရာစွမ်းဖြင့် (၅)နှစ်တာမျှ အချိန်ယူပြီး ဆောက်လုပ်ထားခြင်းဖြစ်သည်။ စားသောက်ဆိုင်(၁၇)ခုနှင့် ရေလွှာအပမ်းဖြေစခန်းတစ်ခုနှင့် ကမ္ဘာပေါ်တွင် စိတ်ကျေနပ်ဖွယ်အကောင်းဆုံး ၀န်ဆောင်မှုများ ပါဝင်မည်ဟုလည်းဆိုသည်။ ထို့အပြင် ဟိုတယ်အတွင်း ရေအောက်ပြခန်းအနေနှင့် ပြုလုပ်ထားသော မှန်အကာအရံများမှတဆင့် ငါးမန်းများ၊ ငါးလိပ်စွန်များအပါအ၀င် ရေနေသတ္တ၀ါ (၆၅၀၀၀)ကျော်ကိုလည်း ကြည့်ရှုနိုင်ဦးမည်ဟု သိရှိရသည်။
(ဟိုတယ်တည်ဆောက်ထားရာ စွန်ပလွန်ပင်ပုံစံကျွန်းတု)
Source:
Dailymail