ကမ္ဘာ့အကြီးမားဆုံး ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီကြီးဖြစ်သောAIGအား အမေရိကန်ဗဟိုဘဏ်က ပေါင်(၄၃)ဘီလျံထုတ်ချေးရန် သဘောတူလိုက်ကြောင်းသိရှိရသည်။ Lehman Brothers ပြိုကွဲအပြီး ပေါ်ပေါက်လာသော ငွေကြေးဂယက်ကြီး၏ ရိုက်ခတ်မှုကြောင့် အမေရိကန်ရင်းနှီးမြုပ်နှံမှု အဖွဲ့အစည်း(AIG)အနေနှင့် ကုမ္ပဏီအားဖျက်သိမ်းရတော့မည့် အနေအထားထိ ဆိုးဆိုးရွားရွားယိမ်းယိုင်သွားခဲ့သော်လည်း နောက်ဆုံးအချိန်တွင် ဗဟိုဘဏ်၏အကူအညီကြောင့် အသက်ရှူချောင်သွားခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်နိုင်ငံမှ နာမည်ကျော်ဘောလုံးအသင်း မန်ချက်စတာယူနိုက်တက်အား Sponsorပေးထားသော အမေရိကန်ကုမ္ပဏီသည် ကမ္ဘာတလွှားရုံးခွဲများတွင် ၀န်ထမ်းဦးရေ(၁၁၆,၀၀၀)ရှိပြီး ဗြိတိန်နိုင်ငံတွင်မူ ၀န်ထမ်းဦးရေ(၂၀၀၀)မျှ ရှိနေသည်။ စက်တင်ဘာလ(၁၇)ရက်နေ့မနက်အစောပိုင်းက အခြေအနေဆိုးရွားနေသည့်ကုမ္ပဏီ၏ ငွေကြေးပြဿနာမှာ ဗဟိုဘဏ်၏ကူညီမှုကြောင့် ပြေလည်သွားပြီဟု AIGကတရားဝင်ကြေညာခဲ့သည်။
အမေရိကန်အစိုးရအနေနှင့် ပြည်ထောင်စု၏အပိုထားရှိသောရန်ပုံငွေမှ ထုတ်ချေးခဲ့ခြင်းဖြစ်ကြောင်း ကြေငြာခဲ့သည်။ AIG၏လုပ်ငန်းဆောင်တာများအတွက် ချေးငွေအကျေမဆပ်နိုင်သေးသည့် ကာလတလျှောက်လုံး ဗဟိုဘဏ်မှပါဝင်ပတ်သတ်ပိုင်ခွင့်ရှိနေပြီး AIG၏အမှုဆောင်အရာရှိချုပ် ရောဘတ်ဝူးလန်းဆတတ်ဒ်မှာလည်း ရာထူးမှစွန့်ခွာရဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ လက်ရှိရှုပ်ထွေးနေသော ငွေကြေးပြဿနာကြောင့် AIG၏ရှယ်ယာဈေးနှုန်းများမှာ (၄၀)ရာခိုင်နှုန်းကျော်အထိထိုးကျသွားခဲ့သည်။ AIG၏အခြေအနေတည်ငြိမ်သွားမှုသည် (၂၀၀၆)ခုနှစ်ကတည်းကAIGနှင့် ပေါင်(၅၆.၅)သန်းတန် သဘောတူစာချုပ် ချုပ်ဆိုထားသည် လက်ရှိအင်္ဂလန်နှင့်ဥရောပချန်ပီယံ မန်ချက်စတာယူနိုက်တက်အတွက် သတင်းကောင်းတစ်ရပ်ဖြစ်လာခဲ့သည်။ Lehman Brothersဘဏ်လုပ်ငန်းကြီး ပြိုကွဲသွားမှုကြောင့် ကမ္ဘာအရပ်ရပ်ရှိ စီးပွားရေးလုပ်ငန်းကြီးများ ဆိုးဆိုးရွားရွားယိမ်းယိုင်သွားခဲ့မှုကြောင့် အမေရိကန်နိုင်ငံအနေနှင့် ၎င်း၏ငွေကြေးအခြေအနေကို ကျားကန်ထောက်ပံ့ရန် ပေါင်ငွေ(၇၀)ဘီလျံထုတ်သုံးခဲ့ရသည်ဟု သိရှိရသည်။ ထို့အတူဂျပန်အစိုးရကလည်း နိုင်ငံ၏စီးပွားရေးအတွက် ပေါင်ငွေ(၁၀)ဘီလျံထုတ်ချေးထားသည်ဟု သတင်းများတွင်ဖော်ပြထားသည်။
Source:
Dailymail