လီဆိုသိုနိုင်ငံသမိုင်းတလျှောက် အကြီးမားဆုံးစိန်တုံးကြီးကို စက်တင်ဘာလ(၈)ရက်နေ့က တူးဖော်တွေ့ရှိခဲ့သည်။ အလေးချိန် (၄၇၈)ကာရက်ရှိ ကမ္ဘာပေါ်တွင် နံပါတ်(၂၀)မြောက်အကြီးမားဆုံး စိန်ရိုင်းတုံးကြီးကို ဗြိတိန်ပိုင်ကုမ္ပဏီတစ်ခုက တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တောင်အာဖရိကနိုင်ငံတွင် စက်တင်ဘာလ(၂၁)ရက်နေ့က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အဆိုပါစိန်တုံးကြီး တွေ့ရှိခဲ့မှုကို တရားဝင်ကြေညာခဲ့သည်။ ကုမ္ပဏီ၏ အမှုဆောင်အရာရှိဖြစ်သူက ကမ္ဘာပေါ်ရှိတွေ့ရှိပြီးသမျှ အကြီးမားဆုံး စိန်ရိုင်းတုံးကြီးများအနက်မှ တစ်ခုဖြစ်သော ထိုစိန်တုံးကြီးမှာ အရည်အသွေး အလွန်ကောင်းမွန်ပြီး ကြည်လင်တောက်ပနေသည်ဟု ပြောကြားသွားသည်။ အမှုဆောင်အရာရှိ ကလဲဖို့ဒ်အဲလ်ဖစ်က လိုအပ်သောစစ်ဆေးမှုများ အသေအချာပြုလုပ်ပြီးနောက် ၎င်းတို့တွေ့ရှိခဲ့သော ကျောက်မျက်ရိုင်းကြီးမှာ အလွန်အရည်အသွေးကောင်းသော စိန်ရိုင်းတုံးကြီးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ထုတ်ဖော်ပြောကြားသွားသည်။ ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက စိန်တုံးကြီးကို ယခုထိနာမည်မပေးရသေးကြောင်းနှင့် ထိုစိန်တုံးကြီးအား အချောသတ်သွေးပြီးပါက ကာရက်(၁၅၀)ရှိသော စိန်ပွင့်ကြီးရရှိလာမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။ ထိုပမာဏသည် (၁၉)ရာစုအတွင်း အိန္ဒိယတွင်ဗြိတိန်တို့တွေ့ရှိခဲ့သော စိန်ရိုင်းတုံးကြီးအား အချောသွေးပြီး ရရှိလာသည့် လက်ရှိဗြိတိန်ဘုရင်မကြီး၏ သရဖူတွင် နန်းစဉ်ရတနာအဖြစ် ထည့်သွင်းတပ်ဆင်ထားသော ကွန်အီနူးစိန်ကြီး၏ (၁၀၅)ကာရက်ထက် ပိုမိုများပြားနေသည်။ ယခုစိန်တုံးကြီးအား တွေ့ရှိခဲ့သည့် လက်ဆန်စိန်တွင်းကို ဗြိတိန်အခြေစိုက် Gemစိန်ကုမ္ပဏီက (၇၀)ရာခိုင်နှုန်းပိုင်ဆိုင်ပြီး လီဆိုသိုအစိုးရက(၃၀)ရာခိုင်နှုန်းပိုင်ဆိုင်သည်ဟု ကုမ္ပဏီက ထုတ်ဖော်ပြောဆိုသွားသည်။
Source:
Xinhua