ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ရိုက်ခတ်မှုအဖြစ် စင်ကာပူနိုင်ငံတွင်လည်း စီးပွားရေးနှေကွေးနေပြီး ကုမ္ပဏီကြီးအချို့မှ ကုန်ကျစရိတ် ခြွေတာနိုင်ရန် ဝန်ထမ်းအင်အား လျှော့ချမှုများ ပြုလုပ်လျက်ရှိသည်။ ထိုသို့ လျှော့ချရာ၌လည်း မြန်မာအပါအဝင် စင်ကာပူနိုင်ငံသား မဟုတ်သူများမှာ ထိပ်ဆုံးမှပါဝင်နေသည်။ ယခင်က စင်ကာပူနိုင်ငံတွင် ပညာရပ်တစ်ခုခုကို ကျွမ်းကျင်စွာ တတ်မြောက်သည့် ပရော်ဖက်ရှင်နယ် ပညာရှင် တစ်ယောက်ဆိုပါက အလုပ်အကိုင် ရရှိရန် အခွင့်အရေး သေချာသော်လည်း ယခုအချိန်၌ ပညာရှင်များပင်လျင် အလုပ်ရရန် မလွယ်ကူကြောင်း သိရသည်။ ထို့ကြောင့် အလည်အပတ်ဗီဇာဖြင့် စင်ကာပူနိုင်ငံသို့ သွားရောက်၍ အလုပ်အကိုင် ရှာဖွေသူ အများစုမှာ မည်သည့်အလုပ်အကိုင်မျှ မရရှိဘဲ လေယာဉ်ခနှင့် နေထိုင်စားသောက် စရိတ်များ ဆုံးရှုံးမှုသာရှိကြောင်း စင်ကာပူတွင် အလုပ်ရှာဖွေနေသည့် မြန်မာများက ပြောကြားသည်။ စင်ကာပူနိုင်ငံ၏ စီးပွားရေး နှေးကွေးနေမှုကြောင့် စင်ကာပူနိုင်ငံသားများပင် အလုပ်အကိုင်အတွက် စိုးရိမ်ရသည့် အခြေအနေတွင်ရှိပြီး အလုပ်အကိုင် ကြော်ငြာအများစုမှာ နိုင်ငံခြားသား လျှောက်ထားရန်မလိုဟုပင် လျှောက်လွှာ ခေါ်ယူနေကြသည်ဟု ဆိုသည်။ စင်ကာပူနိုင်ငံသို့ မြန်မာနိုင်ငံမှ အလည်အပတ်ဗီဇာဖြင့် သွားရောက်၍ အလုပ်ရှာဖွေသူများမှာ ဗီဇာသက်တမ်း ကာလအတွင်း အပြင်းအထန် အလုပ်ရှာဖွေသော်လည်း အများစုမှာ အဆင်မပြေကြကြောင်း စင်ကာပူရောက် မြန်မာများက ပြောကြားသည်။ ယခုကာလအတွင်း စင်ကာပူနိုင်ငံသို့ လာရောက်၍ အလုပ်ရှာဖွေခြင်း မပြုလုပ်သင့်ကြောင်းလည်း စင်ကာပူနိုင်ငံရှိ မြန်မာ အသိုင်းအဝိုင်းမှ ပြောကြားသည်။ သို့သော်လည်း မြန်မာနိုင်ငံမှ လူငယ်အများစုမှာ အလုပ်ရှာဖွေရန် စင်ကာပူနိုင်ငံသို့ နေ့စဉ်ရောက်ရှိလာဆဲ ဖြစ်ကြောင်းနှင့် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာလူမျိုး တစ်သိန်းကျော်ခန့် ရှိနေကြောင်း သိရသည်။
Ref: TheVoiceWeekly(Vol. 5, No. 2)