ICအဖွဲ့ ရန်ပုံငွေလှူဒါန်း
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)နှင့် Iron Cross တေးဂီတအဖွဲ့တို့မှ လေးဘေးသင့်ဒေသများသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဂီတအစည်းအရုံးနှင့် Iron Crossတို့မှ ငပုတောမြို့နယ်တွင် အလယ်တန်းကျောင်းဆောက်ရန် သိန်း(၃၆၀)ကျပ်၊ ဒေးဒရဲမြို့နယ်ရှိ ရွာသာအေး ဘုန်ကြီး စာသင်ကျောင်းဆောက်ရန် သိန်း(၂၅၀)ကျပ်၊ ငပုတောမြို့နယ် ပြည်သူ့ဆေးရုံအတွက် ဆေးရုံသုံး ပစ္စည်းများဝယ်နိုင်ရန် သိန်း(၂၅၀)ကျပ် လှူဒါန်းခဲ့ပြီး ဖြစ်သည်။ သန်လျင်-ကျောက်တန်းရှိ မြန်မာလူငယ် ခရစ်ယာန်များအဖွဲ့ကို အလှူငွေသိန်း(၂၀၀)ကျပ်နှင့် ခရစ်ယာန် ဂီတပညာရှင်များအဖွဲ့မှတဆင့် လေးဘေးသင့် ဒုက္ခသည်များအတွက် သိန်း(၁၀၀)ကျပ် အသီးသီးလှူဒါန်းခဲ့ကြောင်းလည်း သိရသည်။ ယခုလှူဒါန်းသည့် အလှူငွေများမှာ ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် ပြုလုပ်ခဲ့သည့် Iron Cross တေးဂီတအဖွဲ့၏ ရန်ပုံငွေဖျော်ဖြေပွဲမှ ရရှိခဲ့သည့် ငွေကြေးများဖြစ်ပြီး အဆိုပါ ရန်ပုံငွေဖျော်ဖြေပွဲသည် အထူးအောင်မြင်ခဲ့သည်။
အကယ်ဒမီအတွက် စတင်ပြင်ဆင်ပြီ
၂၀၀၇ ခုနှစ်အတွက် ပေးအပ်ချီးမြှင့်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ပေးပွဲကျင်းပနိုင်ရန် အစီအစဉ်များ စတင်ပြင်ဆင်နေပြီ ဖြစ်သည်။ အကယ်ဒမီစင်မြင့် ဒီဇိုင်းနှင့်ပုံစံငယ်ကို လုပ်ငန်းရှင်များအနေဖြင့် တင်ပြနိုင်ပြီဖြစ်ကြောင်း သိရသည်။ စင်မြင့်တည်ဆောက်ခြင်း၊ မီးအလှဆင်ခြင်းလုပ်ငန်းများ လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များ အနေဖြင့်လည်း ချိတ်ပိတ်တင်ဒါ တင်သွင်းနိုင်ပြီ ဖြစ်သည်။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ရုပ်ရှင်လုပ်ငန်းရုံးချုပ် အမှတ်(၂၈)၊ ကုက္ကိုင်းရိပ်သာလမ်းတွင် ထုတ်ယူနိုင်ပြီး တင်ဒါပုံစံများကို နိုဝင်ဘာလ(၂၄)ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရမည် ဖြစ်သည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများကို ၁၉၅၂ ခုနှစ်မှ စတင်၍ ရွှေကိန္ဒရီရုပ်၊ ငွေဒေါင်းရုပ်၊ ကြေးခြင်္သေ့ရုပ်၊ ရွှေရင်ထိုး ဆုတံဆိပ်များအဖြစ် ပေးအပ်ချီးမြှင့်ခဲ့ပြီး ၁၉၅၇ ခုနှစ်မှ ယနေ့အထိ လက်ရှိချီးမြှင့်နေသည့် ရွှေကိန္ဒရီ ရွှေစင်ရုပ်တုကို ပြောင်းလဲချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆရာကြီးဦးဖေခင် ဓာတ်ပုံပြပွဲ
မြန်မာ့ဓာတ်ပုံလောကမှ ဆရာကြီးတစ်ဦးဖြစ်သည့် ဆရာကြီးဦးဖေခင်၏ နှစ်ပေါင်း(၅၀)အတွင်း ရိုက်ကူးထားသော ရှေးဟောင်း ဓာတ်ပုံလက်ရာများကို စုဆောင်းပြသမည့် ဓာတ်ပဲုဲပြပွဲကို နိုဝင်ဘာလ (၂၈)ရက်မှ (၃၀)ရက်နေ့အထိ ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ သမ္မတဟိုတယ် ပထမထပ်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ ၁၉၅၀ ခုနှစ်မှ ယနေ့အချိန်အထိ ရိုက်ကူးခဲ့သည့် ဆရာကြီး၏လက်ရာ ဓာတ်ပုံပေါင်း(၅၀)ခန့်ကို ခင်းကျင်းပြသ ရောင်းချသွားမည် ဖြစ်သည်။ ဆရာကြီးဦးဖေခင်သည် ၁၉၅၀ ခုနှစ်မှ စတင်၍ ဓာတ်ပုံပညာကို လေလ့ာခဲ့ပြီး ဆရာကြီး၏ ဓာတ်ပုံရိုက်ကူးသည့် သက်တမ်းတလျောက် ဓာတ်ပုံပြိုင်ပွဲများတွင် ဆုပေါင်းများစွာ ရရှိခဲ့သည်။ မြန်မာနိုင်ငံ ဓာတ်ပုံအသင်းကြီး၏ နာယကတစ်ဦးအဖြစ် ရပ်တည်လျက် ဓာတ်ပုံနှင့်ပတ်သက်၍ နိုင်ငံတကာဘွဲ့များကိုလည်း ချီးမြှင့်ခံခဲ့ရသည်ဟု သိရသည်။
ရဲလေး၏ မန္တလေးမြို့ One Man Show
အဆိုတော်ရဲလေး၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ (One Man Show)ကို နိုဝင်ဘာလ (၂၃)ရက်တွင် မန္တလေးမြို့၌ ပြုလုပ်မည်ဟု သိရသည်။ အဆိုတော်ရဲလေးသည် လက်ရှိအချိန်တွင် One Man Showအတွက် ပြင်ဆင်နေပြီး အယ်လ်ဘမ်အသစ် ထွက်ရှိနိုင်ရန်လည်း ကြိုးစားနေသည်။ ရဲလေး၏ဘဝ အမှတ်တရ အကြောင်းများကို ကိုယ်တိုင်ရေးရာဇဝင် စာအုပ်တစ်အုပ်အဖြစ် ၂၀၀၉ ခုနှစ် မတ်လတွင် ထုတ်ဝေနိုင်ရန် စီစဉ်ထားပြီး ယခုအခါ အဆိုပါစာအုပ်ကို ရဲလေးကိုယ်တိုင် ရေးသားနေကြောင်း သိရသည်။
Ref: 7DayNews(Vol. 7, No. 34)