မြန်မာအသင်းနှင့် ယှဉ်ပြိုင်ကစားရာတွင် ၎င်းတို့အသင်း ရှုံးနိမ့်မှုမှာ ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်နှင့်လည်း သက်ဆိုင်ပါကြောင်း အင်ဒိုနီးရှား လက်ထောက်နည်းပြက ထုတ်ဖော်ပြောကြားသွားသည်။ နိုဝင်ဘာလ (၁၅)ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းကြီးတွင် Grand Royal Challenge Cup 2008ပြိုင်ပွဲ ဒုတိယနေ့ အုပ်စုပွဲစဉ်အဖြစ် မြန်မာနှုင့် အင်ဒိုနီးရှားတို့ အကြိတ်အနယ် ယှဉ်ပြိုင်အပြီး အင်ဒိုနီးရှားလက်ထောက်နည်းပြ ပူထရိုက ပြောဆိုခဲ့သည်။ ပူထရိုက မြန်မာပရိသတ်ကို ချီးကျူးခဲ့သလို၊ မြန်မာအသင်းသည်လည်း အလွန်ကစားပုံကောင်းကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းတို့အသင်းမှ နောက်ခံလူတစ်ယောက်အား ဒိုင်လူကြီးမှ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့မှုအပေါ် လက်မခံနိုင်ကြောင်း ပူထရိုကဆိုသည်။ ထိုပြစ်ဒဏ်မှာ အ၀ါကတ်မျှသာ ထိုက်တန်ကြောင်းနှင့် ၎င်းတို့ဘက်မှ တစ်ယောက်မလျော့ခဲ့ပါက ပွဲမှာ ပိုမိုအကြိတ်အနယ် ဖြစ်လာနိုင်ကြောင်း ပူထရိုက သတင်းထောက်များထံ ပြောကြားသွားသည်။ အဆိုပါပွဲစဉ်တွင် မြန်မာအသင်းအတွက် တိုက်စစ်မှူး ရန်ပိုင်က ပထမဂိုး သွင်းယူပေးခဲ့သလို ရန်ပိုင် ဒဏ်ရာရသွားသဖြင့် လူစားလဲ ၀င်ရောက်ခဲ့သူ ကျော်သီဟက ဒုတိယအနိုင်ဂိုး ရယူပေးခဲ့သည်။

(မြန်မာနှင့် အင်ဒိုနီးရှားပွဲ)
အင်ဒိုနီးရှားအနေနှင့် ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း မြန်မာတို့၏ ကစားအားကို မယှဉ်နိုင်ဘဲ ရှုံးနိမ့်ခဲ့ရသည်။ ယခုပွဲတွင် ပရိသတ် မျက်စိထဲစွဲအောင် အထူးခြေစွမ်းပြသွားသော မြန်မာအသင်း ညာတောင်ပံ ကွင်းလယ်လူ ရာဇာဝင်းသိန်းက အကောင်းဆုံးဆုကို ရရှိသွားသည်။ ၎င်းသည် မြန်မာအသင်းအတွက် ကျော်သီဟ ဒုတိယဂိုး သွင်းယူနိုင်ရန် လှလှပပ ဖန်တီးပေးခဲ့ပြီး ပရိသတ်၏ အထူးအားပေးမှု လက်ခုပ်သံကို ခံယူရရှိခဲ့သူဖြစ်သည်။ မြန်မာအသင်း၏ ဘရာဇီးလ်လူမျိုး နည်းပြကြီး မားကို့စ်ဖလော်ပါက ကစားသမားများ၏ ကြိုးစားမှုကို ကျေနပ်ကြောင်း၊ တစ်ဂိုးရှုံးနေချိန်တွင် တိုက်စစ်မြှင့်သည့် နည်းဗျူဟာကို ပြောင်းလဲ အသုံးပြုခဲ့ကြောင်း၊ ယခုပြိုင်ပွဲတွင် အောင်မြင်မှု ရရှိရန် ကြိုးပမ်းမည်ဖြစ်သော်လည်း အာဆီယံဆူဇူကီး ဖလားအတွက် အတွေ့အကြုံရရန် အဓိက ရည်ရွယ်ထားကြောင်း ပြောဆိုခဲ့သည်။ ထိုပြိုင်ပွဲတွင်လည်း မြန်မာနှင့် အင်ဒိုနီးရှားတို့မှာ အုပ်စုတစ်ခုတည်းတွင် ကျရောက်လျက်ရှိပြီး ယခုပြိုင်ပွဲတွင် အကြိုတွေ့ဆုံမှုအဖြစ် နှစ်သင်းလုံး ကြိုးစားယှဉ်ပြိုင်သွားကြသည်။ Grand Royal Challenge Cup 2008အုပ်စု(က) ပွဲစဉ်များ ပြီးဆုံးချိန်တွင် မြန်မာက အုပ်စုဗိုလ်အဖြစ်လည်းကောင်း၊ အင်ဒိုနီးရှားက အုပ်စုဒုတိယ အဖြစ်လည်းကောင်း အသီးသီး အကြိုဗိုလ်လုပွဲ တက်သွားကြပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကမူ အုပ်စုအဆင့်မှပင် ထွက်ခွာခဲ့ရပြီဖြစ်သည်။
Ref: ကြေးမုံ
Photo: ကြေးမုံ