ဥရောပ ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က ဒန်နီဝဲလ်ဘက်တစ်ယောက် နိုင်ငံတကာပွဲ သွားရောက်ကစားရမည့် အရေးအား စိတ်ပူမိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ နိုဝင်ဘာလ (၁၅)ရက်နေ့က အိုးလ်ထရက်ဖို့ဒ်၌ ယှဉ်ပြိုင်ခဲ့သော စတုတ်စီးတီးနှင့် ပွဲစဉ်တွင် မန်ယူအတွက် ၎င်း၏ပထမဆုံးဂိုးကို လှလှပပ သွင်းယူပေးခဲ့အပြီး ပရိသတ်များ၏ လက်ခုပ်သံကို ခံယူရရှိခဲ့သည့် အဆိုပါ ညာတောင်ပံ ကွင်းလယ် ကစားသမားလေးသည် အင်္ဂလန် (၁၉)နှစ်အောက် လက်ရွေးစင်အဖြစ် ရွေးချယ်ခံထားရသူ ဖြစ်သည်။ မန်ယူ၏ မျှော်လင့်ချက် အသစ်သဖွယ် ပရိသတ်များက သတ်မှတ်လာကြသော ၀ဲလ်ဘတ်သည် နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ကိုလ်ချက်စတာ၌ ဂျာမနီနှင့် ချစ်ကြည်ရေး ခြေစမ်းပွဲအတွက် အရွေးချယ် ခံထားရသူလည်းဖြစ်သည်။ သို့သော်လည်း ၀ဲလ်ဘက်မှာ ဒူးဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာသည်မှာ မကြာသေးသဖြင့် လက်ရွေးစင် အသင်းအတွက် ကစားပေးရာတွင် ထိခိုက်ဒဏ်ရာ ထပ်မံရရှိလာမည်ကို ဖာဂူဆန်က စိုးရိမ်နေသည်။ အဆိုပါလူငယ်လေးသည် အင်္ဂလန် အသက်(၁၉)နှစ်အောက် ပွဲစဉ်များတွင် ရွေးချယ်ခံရပြီး အထူးကြိုးစား ကစားခဲ့သဖြင့် အဆိုပါဒဏ်ရာကို ရရှိခဲ့ခြင်းဖြစ်ကြောင်း နည်းပြကြီးက ပြောဆိုခဲ့သည်။ ၀ဲလ်ဘတ်သည် လူငယ်ကလေးမျှသာ ဖြစ်နေသေးပြီး ဖိအားများဒဏ် မခံနိုင်သေးကြောင်း ဖာဂူဆန်ကဆိုသည်။ ၀ဲလ်ဘတ်က မန်ချက်စတာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ပွဲဦးထွက်တွင် ကိုက်(၂၀)ကျော်မှ လှပစွာ ဂိုးသွင်းသွားနိုင်ခြင်းအပေါ် မယုံနိုင်လောက်အောင် ဖြစ်မိကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။ ထိုနေ့က ၀ဲလ်ဘတ်နှင့်အတူ အန်ဂိုလာလက်ရွေးစင် တိုက်စစ်မှူး နူနိုမာနူချိုမှာလည်း မန်ယူအတွက် ပရီးမီးယားလိဂ်တွင် ပွဲဦးထွက်ခွင့် ရခဲ့ပြီး မန်ယူအသင်းက စတုတ်စီးတီးကို (၅-၀)ဖြင့် အနိုင်ရရှိခဲ့သည်။
Source: ESPNStar