ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ဆောင်ရွက်သော ၂၀၀၈ခုနှစ် (၆၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင်(၁၉)ရက်၌ အာဇာနည်ဗိမာန်တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ အာဇာနည်နေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန်နှင့်အဖွဲ့က နံနက် ၈ နာရီတွင် လာရောက်၍ လွမ်းသူ့ပန်းခွေချ အလေးပြုသည်။ ထို့နောက် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဂူဗိမာန်၌ မိသားစုကိုယ်စား ဦးလှဖေက လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ပြီး အခြားအာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်များ၌ မိသားစုအသီးသီးတို့က လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြသည်။ ဆက်လက်၍ အဖွဲ့အစည်းအသီးသီးက လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြသည်။ ယခုနှစ်ကျင်းပသော အာဇာနည်နေ့အခမ်းအနားသို့ ပြည်တွင်းပြည်ပမှ သတင်းစာဆရာများ တက်ရောက်ခဲ့ကြသော်လည်း နိုင်ငံခြားသံရုံးများမှ သံတမန်များ တက်ရောက်ခြင်းမရှိဟု သိရသည်။ အာဇာနည်နေ့အခမ်းအနားမတိုင်မီရက်များ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း ဆောင်းပါးများကို ပြည်တွင်းသတင်းဂျာနယ်များတွင် ရေးသားဂုဏ်ပြု ဖေါ်ပြခဲ့ကြသည်။