မကြာသေးမီရက်များအတွင်း မြန်မာနိုင်ငံရှိ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်နှင့် ဧရာဝတီမြစ်တို့ မြစ်ရေလျှံတက်ခဲ့သည်။ ချင်းတွင်းမြစ်ရေလျှံတက်မှုကြောင့် ဟုမ္မလင်းမြို့၌ ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး မြို့တွင်းအထိ မြစ်ရေများဝင်ရောက်ခဲ့သည်။ ချင်းတွင်းမြစ်ရိုးတလျှောက်ရှိ ဟုမ္မလင်း၊ ခန္တီး၊ ကလေးဝ၊ မော်လိုက်နှင့် မုံရွာမြို့တို့၌ မြစ်ရေမှာ စိုးရိမ်ရေအမှတ်အထက်သို့ရောက်ခဲ့ပြီး အဆိုပါမြို့များတွင် မြစ်ရေကြီးခြင်းမှ ကင်းလွတ်ရာသို့ ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။ ဧရာဝတီမြစ်ရိုးရှိ ညောင်ဦးမြို့မှာလည်း စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့သည်။ စစ်တောင်းမြစ်ရေကြီးမှုကြောင့် မဒေါက်နှင့် တောင်ငူမြို့တွေမှာ စိုးရိမ်ရေမှတ်အထက် (၁)ပေနီးပါအထိ ရောက်ရှိခဲ့သည်။ ချင်းတွင်းမြစ်ရေကြီးမှုကို မုံရွာမြို့ခံများ စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့ရကြောင်းလည်း သိရသည်။ ယခုနှစ်တွင် ချင်းတွင်းမြစ်သည် ယမန်နှစ်ကထက် မြစ်ရေပိုလျှံခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လအတွင်း ရေလျှံနိုင်တဲ့မြစ်များမှာ ချင်းတွင်း၊ ဧရာဝတီ၊ စစ်တောင်း၊ သံလွင်၊ ရွှေကျင်၊ ပဲခူးနှင့် ဒုဠာဝတီမြစ်တို့ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်နေ့အတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့၌ အနည်းဆုံး(၁)ပေခန့်မှ အများဆုံး(၅)ပေခန့်အထိ မြစ်ရေများမြင့်တက်လာနိုင်ပြီး ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်အတွင်း၌လည်း ရန်ကုန်မြစ်တွင် ထူးကဲဒီရေတက်နိုင်ဖွယ်ရှိသည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသည်။