အမေရိကန် ဒီမိုကရက်တစ် သမ္မတလောင်း ဘာရတ်အိုဘာမားသည် ဇူလိုင် ၂၀ ရက်(တနင်္ဂနွေနေ့)၌ အာဖဂန်နစတန်နိုင်ငံသို့သွားရောက်ပြီး သမ္မတဟာမစ်ကာဇိုင်းနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ အိုဘားမား၏ နိုင်ငံတကာခရီးစဉ် ဒုတိယရက်တွင် အာဖဂန်နစ္စတန်နိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အိုဘားမားနှင့် အဖွဲ့ဝင်နှစ်ဦးတို့အား အာဖဂန် သမ္မတ ဟာမစ်ကာဇိုင်းက မြို့တော်ကဘူးလ်တွင် လက်ခံတွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် နှစ်နာရီမျှကြာအောင် ဆွေးနွေးများပြုလုပ်ခဲ့ပြီးနောက် အိုးဘားမားက သမ္မတကာဇိုင်းအား (၂၀၀၁)ခုနှစ် တာလီဘန်တို့လက်မှ အာဏာလွှဲပြောင်းရယူပြီးကတည်းက ၎င်း၏အစိုးရအဖွဲ့ကို ယုံကြည်မှုပြန်လည်မတည်ဆောက်နိုင်ခဲ့ဟု ဝေဖန်ပြောဆိုခဲ့သည်။ ထို့အပြင် အိုဘားမားသည် အခြားသော အာဖဂန်ထိပ်တန်းအုပ်ချုပ်ရေး အာဏာပိုင်များ၊ စစ်ဘက်ဆိုင်ရာ အရာရှိများနှင့်အတူ အာဖဂန်တွင်အခြေစိုက်၍ အယ်လ်ကေးဒါး အကြမ်းဖက်သမားများအား ခြေမှုန်းနေကြသော အမေရိကန် စစ်တပ်များ၏ စစ်ရေးမဟာဗျူဟာများကိုလည်း ဆွေးနွေးသွားခဲ့သည်။ အိုဘားမားက ၎င်းတို့အနေဖြင့် အာဖဂန်အစိုးရနှင့် ဆက်ဆံရေးကောင်းသထက်ကောင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်နှင့် နေတိုးအဖွဲ့တို့ အကူအညီဖြင့် အာဖဂန်နိုင်ငံတွင်းရှိ အယ်လ်ကေးဒါးနှင့် တာလီဘန်တို့၏ရန်ကို အာဖဂန်အစိုးရအနေဖြင့် အမြစ်ပြတ်ချေမှုန်းနိုင်မည်ဟု ယုံကြည်ထားကြောင်း သတင်းထောက်များအားပြောကြားသွားသည်။ အိုဘားမားသည် သူ၏ အကြမ်းဖက်မှုနှိမ်နင်းရေးမူဝါဒအရ အဓိက အလေးထားရမည့်နေရာမှာ အာဖဂန်ဒေသဖြစ်သည်ဟု ခံယူထားသည်။ ၎င်းအနေဖြင့် သမ္မတရာထူးအား လက်ခံရရှိခဲ့မည်ဆိုလျင် အာဖဂန်ရှိ အယ်လ်ကေးဒါးနှင့် တာလီဘန်အကြမ်းဖက် စစ်သွေးကြွများအား အရှိန်မြှင့် ချေမှုန်းသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ အာဖဂန်အစိုးရပိုင်းမှသတင်းထုတ်ပြန်ချက်တွင် ဆီနိတ်တာ အိုဘားမားနှင့်တွေ့ဆုံခဲ့မှုမှာ အပြုသဘောဆောင်သော ရလဒ်များထွက်ပေါ်ခဲ့ကြောင်း ကြေညာခဲ့သည်။ ထို့နောက် အိုဘားမားသည် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့သို့ ခရီးဆက်ခဲ့သည်။ အဆိုပါခရီးစဉ်သည် ၎င်းအနေဖြင့် ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက်မှုခံရအပြီး အီရတ်သို့ ပထမဆုံးပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အိုဘားမားသည် အီရတ်စစ်ပွဲအား တောက်လျှောက်ဆန့်ကျင်ခဲ့သည့်တိုင် အီရတ်ရှိ အမေရိကန်တပ်မတော်အရာရှိကြီးများက အီရတ်ရှိစစ်ရေးအခြေအနေများကို အိုဘားမားနှင့် ညှိနှိုင်းဆွေးနွေးရန် စိတ်အားထက်သန်နေကြသည်။ ထို့အတူ အီရတ်ရှိ အစိုးရပိုင်း ပုဂ္ဂိုလ်များကလည်း အီရတ်ရှိ အမေရိကန်တပ်ဖွဲ့များဆုတ်ခွာရေးအတွက် ၎င်း၏သဘောထားကို အသေးစိတ်ထုတ်ဖော်ပြောဆိုရန် လိုလားလျက်ရှိကြသည်။ အိုဘားမားသည် အမေရိကန်၏ စစ်မျက်နှာ(၂)ခုဖြစ်သော အီရတ်နှင့် အာဖဂန်နစ္စတန် နှစ်နိုင်ငံအတွင်း လှည့်လည်ခဲ့ပြီးနောက် အာဖဂန်၌ အမေရိကန်တပ်ဖွဲ့များ ဆက်လက်တပ်စွဲရေးကို အခိုင်အမာထောက်ခံခဲ့သော်လည်း အီရတ်အရေး၌မူ ကွဲပြားသောအမြင်ရှိနေသည်။ ယခုအခါအီရတ်ရှိအမေရိကန်တပ်ဖွဲ့အချို့ကို ရုတ်သိမ်းခဲ့ပြီဖြစ်သော်လည်း အီရတ်တွင် အမေရိကန်တပ်ဖွဲ့ဝင် တစ်သိန်းခွဲခန့် တပ်စွဲထားဆဲဖြစ်သည်။ အိုဘားမားက ၄င်းသမ္မတအဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရပါက (၁၆) လအတွင်း တပ်ဖွဲ့အားလုံးရုပ်သိမ်းရန် စီစဉ်ထားသော်လည်း အခက်အခဲများရှိနိုင်ကြောင်းဝန်ခံသွားသည်။ အီရတ်ခေါင်းဆောင်များက အိုဘားမားနှင့် ဆွေးနွေးပြီး ၎င်း၏အနာဂတ်စီမံချက်များကိုသိရှိနိုင်ရန် မျှော်လင့်နေကြသည်။ ၎င်းတို့က အိုဘားမားအနေဖြင့် ဂျော့ဘုရှ်ထံမှ အာဏာလွှဲပြောင်းရယူနိုင်လိမ့်မည်ဟု ယုံကြည်ထားပြီး အီရတ်ရှိအမေရိကန်တပ်ဖွဲ့များရုပ်သိမ်းပြီးပါက အီရတ်အပေါ် အမေရိကန်အစိုးရ၏ သဘောထားကို ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးသွားမည်ဖြစ်သည်။ ထို့အပြင် အီရတ်အာဏာပိုင်တို့အနေဖြင့် ၀ါရှင်တန်မှ နိုင်ငံရေးအရ အကူအညီများရရှိရန်လည်း မျှော်လင့်လျက်ရှိကြသည်။