ဘော့စနီးယားလူမျိုး ယခင်ဆားဘီးယားနိုင်ငံ သမ္မတဟောင်း ရိုဒိုဗန် ကာရာဒစ်ဇ်အား ဆာဘီးယားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ကာရာဒစ်ဇ်မှာ ကမ္ဘာပေါ်တွင် အလိုအရှိဆုံးအဖြစ် သတ်မှတ်ခံထားရသော စစ်ရာဇ၀တ်ကောင်တစ်ဦးဖြစ်သည်။ ဆာရာယေဗိုတွင် ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုများတွင် အဓိကတာဝန်ရှိသူဖြစ်သော ကာရာဒစ်ဇ်အား (၁၁) နှစ်ကြာ ခြေရာခံလိုက်လံဖမ်းဆီးခဲ့ရသော ဆာ့ဘ်ရဲတပ်ဖွဲ့၏လုပ်ငန်းတာဝန်မှာ တနင်္လာနေ့ ညနေပိုင်းတွင် ၎င်းအားဖမ်းဆီးရမိမှုနှင့်အတူ အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။ သူ၏အဓိက တွဲဘက်လည်းဖြစ်၊ ဆာရာယေဗိုရှိ ဘော့စနီးယားမူဆလင် ထောင်ပေါင်းများစွာအား မျိုးဖြုတ် သတ်ဖြတ်ခဲ့ရာတွင် အားပေးကူညီမှုများပြုလုပ်ခဲ့သူ ယခင်ဆာ့ဘ်တပ်မတော်အကြီးအကဲ ရက်ကို မားလ်ဒစ်မှာမူ လွတ်မြောက်နေဆဲဖြစ်သည်။ အစွန်းရောက် ဆာဘီးယားအမျိုးသားရေးမူဝါဒကို လက်တွေ့အကောင်အထည်ဖော်ခဲ့သော ကာရာဒစ်ဇ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ ရှိခဲ့စဉ်က မှတ်တမ်းတင်ထားသော ကုလသမဂ္ဂ စစ်ရာဇ၀တ်မှု အစီရင်ခံစာတွင် သတ်ဖြတ်ထားမှုများကို တွေ့ရသည်မှာ ငရဲပြည်သို့ ရောက်ရှိသွားသကဲ့သို့ပင် ဖြစ်ကြောင်း၊ လူ့သမိုင်းတွင် ကြောက်စရာအကောင်းဆုံး ကံဆိုးမိုးမှောင်ကျမှုနှင့် ကြုံခဲ့ရသူများဖြစ်ကြောင်း ပါရှိသည်။ ကရာဒ်ဇစ်သည် (၁၉၉၅)ခုနှစ်အတွင်းက မူဆလင်(၈၀၀၀)ကျော်အား အစုလိုက်အပြုံလိုက် လက်စတုံးသတ်ဖြတ်ရန် အမိန့်ပေးခဲ့သည်။ အဆိုပါလုပ်ရပ်မှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပဒေသတွင် အဆိုးရွားဆုံး၊ လူမဆန်ဆုံး သတ်ဖြတ်မှုများဖြစ်သည်။ ယနေ့သည် ကရာဒ်ဇစ်လက်ထက်က ဆင်းရဲဒုက္ခကြီးစွာ တွေ့ကြုံခဲ့ကြသည့် ဆာ့ဘ်လူမျိုးစုများအတွက် နေ့ထူးနေ့မြတ်ကြီးတစ်ရက်ဖြစ်ကြောင်း၊ ၎င်းတို့မှာ ကရာဒ်ဇစ်အား ဖမ်းဆီနိုင်မည့်နေ့ကို မျှော်လင့်ကြီးစွာ စောင့်စားခဲ့ကြရရှာကြောင်း ဆာဘီးယား ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်သူ ဘရာမားတက်စ်က သတင်းထောက်များကို ပြောကြားသွားသည်။ ကရာဒ်ဇစ်၏ ရှေ့နေအဖြစ်ဆောင်ရွက်ပေးမည့်သူ ဆဗက်တာ ဗူဂျာဆစ်က သူ၏အမှုသည်အား ဘတ်စ်ကားတစ်စင်းပေါ်တွင် ဖမ်းဆီးမိခဲ့ကြောင်း၊ ၎င်းအား တရားရုံးတင်စစ်ဆေးချိန်အထိ ထိန်းသိမ်းထားမည်ဖြစ်ပြီး သတင်းထောက်များနှင့် တွေ့ဆုံခွင့်ပေးမည်မဟုတ်ကြောင်း ပြောကြားသွားသည်။ စနေနေ့က အသက် (၆၃) နှစ်ပြည့်ခဲ့ပြီဖြစ်သော ကရာဒ်ဇစ်အား ဆာဘီးယား စစ်ရာဇ၀တ်ခုံရုံးတွင် အထူးအဖွဲ့နှင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ဆာဘီးယား သမ္မတ ဘောရစ် တာဒစ်စ်၏ အစိုးရအဖွဲ့ရုံးမှ တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။ စုံစမ်းရေးဌာနမှ မီလန် ဒီလ်ပါရစ်က အင်္ဂါနေ့အစောပိုင်းတွင် ကာရာဒစ်ဇ်အား မေးမြန်းစုံစမ်းမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း အတည်ပြုချက်ပေးခဲ့သည်။ ယခုအခါတွင် ဆာဘီးယားအာဏာပိုင်များအတွက် ခေါင်းခဲစရာ ပြဿနာတစ်ရပ်မှာ ကာရာဒစ်ဇ်နှင့် မားလ်ဒက်စ်တို့အား ထောက်ခံသူများ၏ ဆန္ဒပြကန့်ကွက်မှုများနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ဆာဘီးယားအထူးတပ်ဖွဲ့များသည် ကာရာဒစ်ဇ်အား ရုံးတင်စစ်ဆေးမည့် တရားရုံးပတ်ပတ်လည်တွင် စောင့်ကြပ်နေရပြီး ၎င်းတို့အနီးတွင် ဒါဇင်ပေါင်းများစွာရှိသော ဆန္ဒပြသူများက ကာရာဒစ်ဇ်အား လွှတ်ပေးရန် တောင်းဆိုနေကြသည်။ ထို့အပြင် ဘဲလ်ဂရိတ်မြို့ အမေရိကန်သံရုံးရှေ့တွင်လည်း ရဲအစောင့်အကြပ်များစွာ လုံခြုံရေးတာဝန်ချထားသည်။ အမေရိကန်အစိုးရအနေဖြင့် ကာရာဒစ်ဇ်အား လက်ရဖမ်းဆီးနိုင်ခဲ့သော ဆာဘီးယားအစိုးရအား ချီးကျူးသွားခဲ့ပြီး လူ့အခွင့်အရေးအတွက် အကောင်းဆုံးတာဝန်ကျေစွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဂုဏ်ပြုခဲ့သည်။ ဆာဘီးယားအနေဖြင့် ကာရာဒစ်ဇ်အားရှာဖွေဖမ်းဆီးရန်အတွက် နိုင်ငံတကာမှ ဖိအားပေးခဲ့မှုများကိုခံခဲ့ရသော်လည်း ယခုအခါတွင်မူ လူ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံး လူသတ်သမား စစ်ရာဇ၀တ်ကောင်တစ်ဦးကို လက်ရဖမ်းဆီးပေးနိုင်ခဲ့ပြီဖြစ်သည်။