Guest. It's 11:28 PM - Myanmar time. Register or Login | Download Myanmar Font 
 
  
အမေရိကန်နိုင်ငံ စိန့်လူးဝစ်၌ နေအိမ်မီးရှို့သူနှင့်ရဲတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွား
Posted on Jul 23 08 - 09:09 AM | Hits : 328 | Save as PDF

မီးလောင်နေသော အိမ်တစ်လုံးကို ငြှိမ်းသတ်ရန်ကြိုးစားနေစဉ် ချောင်းမြောင်းပစ်ခတ်ခံရမှုကြောင့် မီးသတ်သမားတစ်ဦး သေဆုံးသွားခဲ့ရသော ဖြစ်ရပ်တစ်ခု အမေရိကန်နိုင်ငံ စိန့်လူးဝစ်ခရိုင်အတွင်း တနင်္လာနေ့ကဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုတွင် လောင်ကျွမ်းနေသော ကားတစ်စင်းအား လမ်းရှင်းဖယ်ထုတ်ရန် ကြိုးပမ်းခဲ့သော ရဲနှစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခဲ့သော သေနတ်သမားမှာလည်း မီးလောင်မှုအတွင်း သေဆုံးသွားပြီဟု ရဲများကယုံကြည်နေကြသော်လည်း အတိအကျ အတည်ပြုနိုင်ခြင်းမရှိသေးချေ။ စိန့်လူးဝစ်ခရိုင် တောင်ဘက် မပ်လီဝစ်အရပ်ရှိ မီးလောင်မှုဖြစ်ပွားခဲ့သောအိမ်တွင် နေထိုင်သူအကြောင်း၊ ၎င်းမည်သူမည်ဝါ ဖြစ်သည်ဆိုသည့်အကြောင်းကို အသေအချာ ပြောပြနိုင်သူမရှိကြောင်း ရဲများကဆိုသည်။ ၄င်းသည် တိတ်တိတ်ဆိတ်ဆိတ်နှင့် သီးသီးခြားခြားနေတတ်သူတစ်ဦးဖြစ်ကြောင်း အိမ်နီးနားချင်းများက ပြောပြကြသည်။ မီးလောင်မှုအတွင်း ကံဆိုးခဲ့ရရှာသော (၂၂) နှစ်အရွယ် မီးသတ်သမား ရိုင်ယန်ဟားမတ်မှာ မီးသတ်ယာဉ်ပေါ်မှ ဆင်းဆင်းချင်း အိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်သောကျည်ဆန်ထိမှန်၍ သေဆုံးခဲ့ရသည်။ မီးသတ်သမားများရောက်ရှိလာသည့် မနက် (၅း၄၀) အချိန်တွင် အိမ်အတွင်းမှ တစ်စုံတစ်ဦးက စတင်ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေများ၏ အဆိုအရ သိရသည်။ သေဆုံးသွားရှာသော  မီးသတ်သမား ဟားမတ်မှာ ဆေးဝါးကျွမ်းကျင်မှုနှင့် မီးသတ်ပညာရပ်ဆိုင်ရာတို့တွင် ဘွဲ့များလက်ခံရရှိထားပြီး မီးသတ်တပ်ဖွဲ့တွင် ၀င်ရောက်အမှုထမ်းသည်မှာ (၁၀) လခန့်သာရှိသေးသည်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အဆိုပါအိမ်အား ရဲတပ်ဖွဲ့များက ၀န်းရံထားလိုက်သလို အနီးအနားပတ်ဝန်းကျင်မှ လူများကို သံချပ်ကာယာဉ်များ အကာအကွယ်ဖြင့် လုံခြုံရာနေရာကို ခေတ္တရွှေ့ပေးထားခဲ့ရသည်။ မီးမှာ အရှိန်ပြင်းပြင်းနှင့် ဆက်လက်လောင်ကျွမ်းခဲ့ပြီးနောက် အိမ်တစ်ခုလုံးပြိုကျသွားခဲ့သည်။ ရဲများက အဆိုပါမီးမှာ ထိုအိမ်အတွင်းရှိလူ စိတ်ဖောက်ပြန်ပြီး ရှို့ခဲ့သောမီးဟုယုံကြည်နေပြီး အဆိုပါသေနတ်သမားမှာ ကိုယ့်ကိုယ်ကို မီးထဲတွင် အသေခံရင်း လာရောက်ကူညီသူများအား ပစ်ခတ်သတ်ဖြတ်ရန် ရည်ရွယ်ထားဟန်ရှိကြောင်း ပြောကြားသွားသည်။ ထိုအိမ်အား မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေချိန်တစ်လျှောက်လုံး ရဲများက သေနတ်များနှင့် အိမ်ပတ်ပတ်လည်မှ ချိန်ရွယ်ထားသည်။ နောက်ဆုံးတွင် မီးအားငြှိမ်းသတ်နိုင်ခဲ့သော်လည်း ပတ်ဝန်းကျင်အိမ်အချို့ မီးလောင်ပျက်စီးမှုများ ရှိခဲ့ကြောင်းသိရသည်။ ယခုကိစ္စနှင့်ပတ်သတ်၍ ပြောစရာစကားလုံး မရှိတော့လောက်အောင် အံ့သြထိတ်လန့်မိကြောင်း အိမ်နီးနားချင်းများက သတင်းထောက်များကို ပြောပြသွားခဲ့သည်။

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.