နိုင်ငံတကာ ဖိအားပေးမှုများပြင်းထန်လာပြီးနောက် ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီအနေဖြင့် ၎င်း၏နိုင်ငံရေးပြိုင်ဘက် အတိုက်အခံပါတီခေါင်းဆောင် ဆဗာနာဂီနှင့် တွေ့ဆုံညှိနှိုင်းရန် သဘောတူညီလိုက်ပြီ ဖြစ်သည်။ ခေါင်းဆောင်နှစ်ဦးတို့သည် ညှိနှိုင်းရေးအတွက် သမိုင်းဝင်မည့်စာချုပ်ကို ဇူလိုင် (၂၁) ရက်၊ တနင်္လာနေ့က လက်မှတ်ရေးထိုးခဲ့ကြပြီး အဆိုပါစာချုပ်မှ ဇင်ဘာဘွေနိုင်ငံ၏ ဆိုးရွားရှုပ်ထွေးနေသော နိုင်ငံရေး အခြေအနေများကို ပြောင်းလဲပေးနိုင်မည်ဟု ဇင်ဘာဘွေပြည်သူများက မျှော်လင့်နေကြသည်။ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုအပြီး နိုင်ငံတော်အာဏာကို မူဂါဘီနှင့် ဆာဗာနာဂီတို့နှစ်ဦး ခွဲဝေအုပ်ချုပ်ကြရန် သဘောတူညီမှု ရယူနိုင်ခဲ့သည်။ ထိုညှိနှိုင်းပွဲတွင် တောင်အာဖရိကနိုင်ငံသမ္မတ သာဘို အမ်ဘီကီက ပါတီနှစ်ခုစလုံးးအတွက် ကြားနေဆောင်ရွက်ပေးခဲ့သည်။ ဇင်ဘာဘွေတွင် အတိုက်အခံပါတီဝင်များအား အစိုးရတပ်ဖွဲ့များမှ သွေးချောင်းစီးတိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့သော်လည်း တစ်လခန့်အကြာတွင် ယခုကဲ့သို့ ညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် နိုင်ငံရေးသမားများက ကျေနပ်ခဲ့ကြသည်။ တောင်အာဖရိက သမ္မတ အမ်ဘီကီက ပထမအကြိမ်တွေ့ဆုံမှုအတွင်း ပါတီနှစ်ခုစလုံးမှ ကျေနပ်သဘောတူမည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ကြောင်း၊ ဆွေးနွေးမှုအားလုံး ပြီးမြောက်အောင် ၎င်းအနေဖြင့် အမြန်ဆုံး အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။ ထို့အပြင် ၎င်းက ပါတီနှစ်ခုလုံးအနေဖြင့် ဇင်ဘာဘွေနိုင်ငံရေးအတွက် ပြောင်းလဲမှုများ အရေးတကြီးလိုအပ်နေကြောင်း သဘောပေါက်နားလည်ထားသည်ဟု ဆိုသည်။ အတိုက်အခံခေါင်းဆောင် ဆဗာနာဂီက ထိုတွေ့ဆုံပွဲကို သမိုင်းဝင် အထိမ်းအမှတ်တစ်ခုဟု ပြောကြားခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဇင်ဘာဘွေပြည်သူများအတွက် အကောင်းဆုံး ရလဒ်များကို ဖော်ဆောင်ပေးနိုင်မည်ယုံကြည်ပါကြောင်း ပြောကြားသွားသည်။ ပါတီနှစ်ခုမှ ခေါင်းဆောင်များက နိုင်ငံတော်အုပ်ချုပ်ရေး အခြေခံလမ်းစဉ်များကို သီတင်းနှစ်ပတ်အတွင်း ရေးဆွဲချမှတ်သွားနိုင်ရန် စိုင်းပြင်းနေကြသည်။ ထို့အပြင် ယခုကဲ့သို့အာဏာခွဲဝေအုပ်ချုပ်မှုသည် ဒီမိုကရေစီ လမ်းစဉ်အား အပြည့်အ၀ဖော်ဆောင်ရေးကို အထောက်အကူပြုလိမ့်မည်ဟု ပြည်သူများကလည်း ယုံကြည်ထားကြသည်။ ဇင်ဘာဘွေပြည်သူးများအနေဖြင့် စားဝတ်နေရေးကျပ်တည်းမှု၊ နိုင်ငံငွေကြေး သမိုင်းတလျှောက် စံချိန်တင် ဖောင်းပွလာမှုများအား ဖြေရှင်းပေးနိုင်ရန် မျှော်လင့်နေကြသည်။ တောင်အာဖရိက သမ္မတအမ်ဘီကီက ၎င်းအနေဖြင့် အာဖရိကနိုင်ငံများအစည်းအရုံးနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်တို့၏ အကူအညီတောင်းခံမှုကြောင့် ကြားနေဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ယခု ဇင်ဘာဘွေနိုင်ငံ ညှိနှိုင်းတွေ့ဆုံပွဲကို အာဖရိကဒေသတွင်းနိုင်ငံများသာမက တကမ္ဘာလုံးကပါ စောင့်ကြည့်နေကြောင်း ပြောကြားသွားသည်။