Guest. It's 03:55 PM - Myanmar time. Register or Login | Download Myanmar Font 
 
  
မန်ယူနည်းပြဖာဂူဆန်နှင့်အင်တာဗျူး
Posted on Jul 23 08 - 04:19 PM | Hits : 496 | Save as PDF

အမှတ်ပေးချန်ပီယံဘွဲ့ (၁၀) ကြိမ်နှင့် ဥရောပချန်ပီယံဘွဲ့ (၂) ကြိမ်ကို ရယူပေးထားနိုင်သော အင်္ဂလန်ချန်ပီယံ မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်း၏ မန်နေဂျာကြီး ဆာအလက်စ် ဖာဂူဆန်သည် ကမ္ဘာပေါ်တွင် လူတကာလေးစားရသော အအောင်မြင်ဆုံးနှင့် အစဉ်အလာအကြီးမားဆုံး နည်းပြတစ်ဦးဆိုသည်မှာ အငြင်းပွားဖွယ် ကိစ္စတစ်ရပ်မဟုတ်ချေ။ အသက် (၆၆) နှစ်အရွယ်ရှိပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက် နည်းပြတာဝန်မှ အနားယူရန် စဉ်းစားနေပြီဖြစ်သော်လည်း ဖာဂူဆန်က ၎င်းအနေဖြင့် အောင်မြင်မှုများကို ဆာလောင်နေဆဲဖြစ်ကြောင်း၊ မန်ချက်စတာယူနိုက်တက်နှင့်အတူ နောက်ထပ် အောင်မြင်မှုများ ရယူသွားချင်သေးကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။ ထို့အပြင် ဖာဂူဆန်က မန်ချက်စတာအသင်းအား တာဝန်ယူကိုင်တွယ်ခဲ့သော နှစ်နှစ်ဆယ်ကျော် သက်တမ်းတလျှောက် ယခုလက်ရှိမန်ချက်စတာ လူစာရင်းမှာ အကောင်းဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖာဂူဆန်အနေဖြင့် ပြိုင်ဘက်ချယ်လ်ဆီးအသင်း၏ အပြောင်းအရွှေ့ဈေးကွက်အတွင်း ခြေသွက်လက်သွက် လှုပ်ရှားနေမှုများကို ကြောက်စရာမလိုကြောင်း၊ မန်ချက်စတာအသင်းသည် ယခုအချိန်ထိ ကမ္ဘာပေါ်တွင် အကောင်းဆုံးအသင်းအဖြစ်ရပ်တည်နေဆဲဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ ဇူလိုင်လ (၂၃) ရက်နေ့က ဆာအဲလက်စ်ဖာဂူဆန်အား Sportmail သတင်းစာမှ သတင်းထောက် အီရန် လေဒီမန်းက Interview ခဲ့သည်များကို မန်ချက်စတာယူနိုက်တက်အား ပရိသတ်ကြီးအတွက် တင်ဆက်လိုက်ပါသည်။


လေဒီမန်း - ဆာဖာဂီအနေနဲ့ အရင်က ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ ချန်ပီယံသရဖူကို ရယူဖို့ ကြိုးစားရတာထက် ကာကွယ်ရတာပိုခက်တယ် ဆိုတဲ့စကားပါ။ အခါ ဆာဖာဂီအနေနဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ဘယ်လိုအစီအစဉ်တွေ ရေးဆွဲထားပါသလဲ။

ဖာဂူဆန် -
လက်ရှိအသင်းရဲ့တောင့်တင်းမှုအပေါ် ကျွန်တော်အားရမိပါတယ်။ နောက်ပြီး အသင်းရဲ့အချို့ အစိတ်အပိုင်းတွေမှာ မျှော်မှန်းထားတာထက် ပိုပြီးဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိခဲ့ပါတယ်။ အသင်းဟာ အန်ဒါဆန်၊ ရွန်နီ၊ တီဗက်စ် နဲ့ နာနီတို့လို လူငယ်တွေကို စာချုပ်ခေါ်ယူနိုင်ခဲ့ပြီး သူတို့ဟာ အသင်းကသူတို့အပေါ်ထားရှိတဲ့ ယုံကြည်ချက်အတွက် အကောင်းဆုံး ပေးဆပ်ပြခဲ့ပြီးပါပြီ။ နောက်ပြီး မိုက်ကယ်ကားရစ်လို အသင်းရဲ့ ကစားဟန်ကို လွှမ်းမိုးထိန်းချုပ်နိုင်တဲ့ ကစားသမားကောင်းတွေ အသင်းမှာရှိနေပါတယ်။ အိုဝင်ဟားဂရေ့ဗ်ဟာလည်း လက်ရှိအချိန်မှာ ဒဏ်ရာရထားပေမယ့် သက်သာလာရင် အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြဦးမှာပါ။ ဒါကြောင့် ချန်ပီယံဘွဲ့ကိုကာကွယ်ဖို့ ကျွန်တော်တို့မှာ ယုံကြည်ချက်အပြည့်ရှိပါတယ်။


လေဒီမန်း - ၀ိန်းရွန်နီဟာ အသက် (၂၂) နှစ်အရွယ်သာရှိသေးပေမယ့် သူ့အသက်နဲ့မမျှအောင် ခြေစွမ်းပြပြီး မန်ချက်စတာ တိုက်စစ်ကို ဦးဆောင်မှုပေးခဲ့ပါတယ်။ ဆာဖာဂီအနေနဲ့ ရွန်နီ ခုလိုခြေစွမ်းပြနေနိုင်ရခြင်းအကြောင်းကို ပြောပြနိုင်မလား။

ဖာဂူဆန် - ရွန်နီခြေစွမ်းပြနေတာ အသင်းအတွက်အရေးကြီးပါတယ်။ ကျွန်တော့်အထင်တော့ သူဟာ သူ့ဘ၀တစ်ခုလုံးကို အသင်းအတွက် မြှုပ်နှံထားလိုက်ပုံရတယ်။ နောက်ပြီး ကျွန်တော့်အနေနဲ့ အသင်းမှာသူ့နေရာအတွက် ကန့်သတ်ချက်သိပ်မထားဘဲ သူ့စိတ်ကြိုက် လွတ်လွတ်လပ်လပ် ပေးကစားထားပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ခြေစွမ်းပြနိုင်ခဲ့သလို ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အကောင်းဆုံး ကစားပြသွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ချယ်လ်ဆီးဘက်က ဖိအားပေးမှုတွေရှိလာတာကြောင့် ကွင်းလယ်အားပြုတဲ့ နည်းဗြူဟာကို ပြောင်းလဲဖို့ ဆုံးဖြတ်ပြီး ရွန်နီ့ကို လူစားလဲခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ဟာ သူ့အတွက်တော့ ခက်ခဲမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။


လေဒီမန်း - ပြီးခဲ့တဲ့ရာသီတွေမှာ ရွန်နီအနေနဲ့ ထင်သလောက်ဂိုးတွေမသွင်းနိုင်ခဲ့ဘူး။ အဲဒီအတွက် ဆာဖာဂူဆန်အနေနဲ့ ဘယ်လိုမျိုး ပြောင်းလဲမှုတွေ စီစဉ်ထားလဲ သိပါရစေ။

ဖာဂူဆန် - အဲဒီကိစ္စအတွက် စိုးရိမ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရွန်နီ့အနေနဲ့ ဂိုးပိုသွင်းနိုင်အောင် ကျွန်တော်တို့ ကြိုးစားကူညီသွားမှာပါ။ သူဟာဘောလုံးကို အာရုံစိုက်ပြီး စူးစူးနစ်နစ်ကစားတတ်သလို ဘယ်တော့မှ စောဒကတက်လေ့ရှိသူလဲ မဟုတ်ပါဘူး။ သူဂိုးတွေသွင်းတယ်။ ကစားဖော်တွေ ဂိုးရအောင် ဖန်တီးပေးတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အက်စတွန်ဗီလာနဲ့ပွဲမှာ နှစ်ဂိုးသွင်းပြီးနောက်ပိုင်း ခုနစ်ပွဲ၊ ရှစ်ပွဲလောက် ဂိုးပေါက် ပျောက်နေခဲ့ပေမယ့် နောက်ဆုံးတော့သူ အသင်းအတွက်ဂိုးပြန်သွင်းခဲ့တာပဲ မဟုတ်လား။ လာမယ့်ရာသီမှာတော့ သူ့အတွက် ဂိုးသွင်းခွင့်တွေပိုမိုရရှိဖို့အတွက် နေရာပြောင်းကစားခိုင်းဖို့ ကျွန်တော်စဉ်းစားနေပါတယ်။



လေဒီမန်း - သူ့အတွက်အကောင်းဆုံးနေရာက ဘယ်နေရာလို့ ထင်ပါသလဲ။

ဖာဂူဆန် - နောက်ချန်တိုက်စစ်မှူးအဖြစ် အလယ်အူကြောအတိုင်း ထိုးဖောက်ကစားတာ သူ့အတွက် အကောင်းဆုံးလို့ထင်ပါတယ်။ ဒါပေမယ့် သူဟာတိုက်စစ် နေရာစုံမှာ ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်တယ်ဆိုတာ သိသာပါတယ်။ သူ့ကို အသက် (၁၈) နှစ်အရွယ်ကတည်းက ပြောင်းရွှေ့ကြေး ပေါင် (၂၆) သန်းပေးပြီးခေါ်ခဲ့တာ မန်ချက်စတာအသင်းအနေနဲ့ သူ့အရည်အသွေးကို အသေအချာ သိထားလို့ပါ။ နောက်နှစ်အနည်းငယ်အတွင်း သူဟာပိုပြီးတော့ တိုးတက်ကောင်းမွန်တဲ့ ကစားသမားဖြစ်လာမှာပါ။ သူဟာဘယ်နေရာမှာ ကစားကစား သူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ ခြေစွမ်းပြမယ့်သူပါ။ လာမယ့်ရာသီမှာ သူ့ကို ကွင်းလယ်တိုက်စစ်မှာရော ဗဟိုတိုက်စစ်မှာပါ ကစားခိုင်းသွားမှာပါ။



လေဒီမန်း - ဒီနွေရာသီမှာ ချယ်လ်ဆီးအသင်းဟာ ပြောင်းလဲမှု အတော်များများပြုလုပ်ထားပါတယ်။ အဲဒီအတွက် ဆာဖာဂူဆန် အနေနဲ့ စိုးရိမ်မိပါသလား။ ချယ်လ်ဆီးနည်းပြသစ် စကိုလာရီအပေါ် ဘယ်လိုများမြင်ပါသလဲ။

ဖာဂူဆန် - လူးဝစ်ဖိလစ် စကိုလာရီဟာ လူတော်တစ်ယောက်ပါ။ ချယ်လ်ဆီးအနေနဲ့ ဘာတွေပဲလုပ်နေနေ ကျွန်တော် မကြောက်ပါဘူး။ အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျရဲ့ထောက်ပံ့မှု၊ နည်းပြ မော်ရင်ဟိုရဲ့ ဦးဆောင်မှုတွေအောက်မှာ သူတို့ဟာ ချန်ပီယံဘွဲ့ကို နှစ်ရာသီဆက်တိုက်ရရှိခဲ့ပါတယ်။ FA ဖလား ဗိုလ်လုပွဲမှာ ကျွန်တော်တို့ကို အနိုင်ယူခဲ့တယ်။ နောက်ပြီး နည်းပြဟောင်း အေဗရမ်ဂရန့် ဘာတွေ လုပ်ပြခဲ့သလဲ အားလုံးအသိပါ။ ဒါပေမယ့် မော်ရင်ဟိုလိုမျိုး ဘယ်သူမှ ချန်ပီယံဘွဲ့ကို နှစ်နှစ်ဆက် မရယူပေးနိုင်သေးပါဘူး။ ချယ်လ်ဆီးဟာ မနှစ်က ကျွန်တော်တို့ကို အကောင်းဆုံးခြိမ်းခြောက်နိုင်ခဲ့သလို ဒီနှစ်မှာလဲ ဒေကိုတို့လို အတွေ့အကြုံရှိလူသစ်တွေ၊ မိုက်ကယ်ဘောလက်လို ဥရောပ သမ္ဘာရင့် ကစားသမားတွေနဲ့ တောင့်တင်းနေဆဲပါ။ စကိုလာရီ ဘယ်လိုကိုင်တွယ်မလဲ ကျွန်တော်မသိပါဘူး။ သေချာတာတော့ ချယ်လ်ဆီးမှ မဟုတ်ဘူး။ ဘယ်အသင်းကိုမှ ကျွန်တော်ကြောက်ရွံ့နေမှာ မဟုတ်ဘူးဆိုတာပါပဲ။

စကိုလာရီဟာ ဥရောပကလပ်အသင်းတွေကိုမကိုင်တွယ်ဖူးဘူး။ အဲဒါနဲ့ ပတ်သတ်လို့ရော ဘယ်လိုထင်ပါသလဲ။

သူဟာ အမြဲကံကောင်းလေ့ရှိပါတယ်။ တကယ့် ထိပ်သီးနိုင်ငံအသင်းတွေကို ကိုင်တွယ်ခဲ့ရသလို အခုလည်း ထိပ်တန်းအသင်းကြီးတစ်သင်းရဲ့ မန်နေဂျာဖြစ်လာပါပြီ။ ဒါပေမယ့် ဥရောပကလပ်တွေကို မကိုင်တွယ်ဖူးတာက သူ့အတွက် နည်းနည်းတော့ အခက်အခဲဖြစ်နိုင်ပါတယ်။


လေဒီမန်း - စကိုလာရီအကြောင်း အသေအချာသိပါသလား။

ဖာဂူဆန် - ဟင့်အင်း။ မသိပါဘူး။ သူနဲ့ ကမ္ဘာ့ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲမှာ ထိပ်တိုက်တွေ့ဆုံဖူးပါတယ်။ ဒါပေမယ့် သူ အင်္ဂလိပ်စကား ပြောတတ်၊ မတတ်တောင် မသိခဲ့ပါဘူး။ သူဟာ ကလပ်အသင်းပေါင်းများစွာ ကိုင်တွယ်ဖူးသလို ကမ္ဘာ့ချန်ပီယံအဖြစ် ဘရာဇီးလ် လက်ရွေးစင်အသင်းနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။ နောက်ပြီး ဥရောပထိပ်သီး ပေါ်တူဂီအသင်းကိုလည်းကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံရင့် နည်းပြတစ်ယောက်ဆိုတာတော့ ကျွန်တော်နားလည်ထားပါတယ်။

 

လေဒီမန်း - အာစင်နယ် နဲ့ လီဗာပူးလ်တို့ကို ချန်ပီယံဖြစ်နိုင်ခြေစာရင်းကနေ ဖယ်ထုတ်ထားနိုင်လား။

ဖာဂူဆန် - လုံးဝမဟုတ်ပါဘူး။ မနှစ်တုန်းက လူတကာအထင်သေးတဲ့ အာစင်နယ်ဟာ အကောင်းဆုံးရာသီအစ ရလဒ်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ အခုလဲ အဓိကကစားသမားတွေ ထွက်ခွာမှုနဲ့ ဒဏ်ရာရမှုတွေရှိနေပေမယ့် သူတို့ဟာ အကောင်းဆုံးခြေစွမ်းနဲ့ပြန်လာနိုင်မှာပါ။ လီဗာပူးလ်ဟာလည်း ဂျရတ်နဲ့ ဘင်နီတက်စ်တို့ ဦးဆောင်မှုနဲ့ အကောင်းဆုံးတွေ လုပ်ပြနိုင်မယ့်အသင်းတစ်သင်းပါ။



လေဒီမန်း - ကားလို့စ်ကွီရော့စ်ထွက်ခွာသွားတာကြောင့် လေ့ကျင့်ရေးကွင်းကို ကိုယ်တိုင်ကြီးကြပ်ရတော့မှာပေါ့။

ဖာဂူဆန် - လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်အမြဲရှိပါတယ်။ အခုလဲရှိမှာပါ။ ကားလို့စ်ကွီရော့စ်ကို လက်လွှတ်လိုက်ရတာ တကယ့်ဆုံးရှုံးမှုကြီးတစ်ရပ်ပါ။ သူဟာ တကယ့်ကို အတွေ့အကြုံပြည့်ဝတဲ့ လက်ထောက်နည်းပြပါ။ စီမံခန့်ခွဲမှုရော၊ နည်းစနစ်ကျွမ်းကျင်မှုမှာပါ ပြောစရာမရှိအောင်တော်တဲ့သူပါ။ သူ ပေါ်တူဂီမှာ အောင်မြင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

 

လေဒီမန်း - အ၀တ်လဲခန်းထဲမှာ နိုင်ငံခြားဘာသာစကားတွေနားလည်ဖို့ လက်ထောက်နည်းပြအသစ်အဖြစ် နိုင်ငံခြားသားတစ်ယောက်ကို ခန့်အပ်မှာလား။

ဖာဂူဆန် - ဖြစ်နိုင်ပါတယ်။ အသင်းမှာ စပိန်စကားနဲ့ ပေါ်တူဂီစကားပြောတဲ့ကစားသမားတွေရှိပါတယ်။ ဒါကြောင့် လက်ထောက်နည်းပြဟာ နိုင်ငံခြားသားလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အလျင်စလိုကြီးတော့ ခန့်အပ်သွားမှာ မဟုတ်သေးပါဘူး။



လေဒီမန်း - လီဗာပူးလ်အသင်းတင်ထားတဲ့ အမှတ်ပေးချန်ပီယံဘွဲ့ကို (၁၈) ကြိမ်ရယူထားဖူးတဲ့ စံချိန်ကို မန်ချက်စတာ အသင်းအနေနဲ့ လိုက်မီဖို့ နီးစပ်နေပါပြီ။ ဆာဖာဂူဆန်အနားမယူခင် နှစ်နှစ်အတွင်း လီဗာပူးလ်ကို ကျော်ဖြတ်နိုင်ဖို့ ဘယ်လိုများ ကြိုးစားသွားမလဲ သိပါရစေ။

ဖာဂူဆန် - ဒီအတွက်စိတ်လှုပ်ရှားနေတာမျိုးတော့မရှိပါဘူး။ ကျွန်တော့်အနေနဲ့မန်ချက်စတာအသင်း အောင်မြင်အောင် ကြိုးစားသွားမှာပါ။ လီဗာပူးလ်ရဲ့စံချိန်ကို ကျော်ဖြတ်သွားရင်လဲ ဒါဘာမှမထူးဆန်းပါဘူး။ ကျွန်တော့်အနေနဲ့ မန်ယူအသင်း ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ကြိုးစားသွားမှာဖြစ်ပြီး ဒါဟာလီဗာပူးလ်ရဲ့ စံချိန်တွေနဲ့မသက်ဆိုင်ပါဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်တာပါ။ သူတို့အနေနဲ့တော့ ကျွန်တော်တို့အသင်း ချန်ပီယံမဖြစ်စေချင်တဲ့ ဆန္ဒမျိုးရှိကောင်း ရှိနေပါလိမ့်မယ်။



လေဒီမန်း - တော့တင်ဟမ်ဟော့စပါးအသင်းကိုရော။ ဘယ်အတိုင်းအတာထိအောင်မြင်မယ်လို့ထင်ပါသလဲ။

ဖာဂူဆန် - ဟွမ်ဒီရာမို့စ်ဟာ အသင်းကိုပုံစံပြောင်းဖို့ ကြိုးစားနေပါတယ်။ အသင်းက ကစားသမားလေး၊ ငါးယောက်လောက်ကို ရောင်းထုတ်ပြီး အသင်းကို အသစ်ပြန်လည်ဖွဲ့စည်းနေပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့အသင်းက အဓိကတိုက်စစ်မှူး ဘာဘာတော့ဗ်ကို စိတ်ဝင်စားနေတယ်ဆိုတာလဲ အမှန်ပါပဲ။



လေဒီမန်း - မန်ချက်စတာစီးတီးနည်းပြသစ် မာ့ခ်ဟုခ်ျအကြောင်းပြောပါဦး။

ဖာဂူဆန် - သူဟာအကောင်းဆုံး ရွေးချယ်မှုကိုပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့အရည်အသွေးတွေကို ဘလက်ဘန်းမှာ အကောင်းဆုံးပြခဲ့ပြီးပါပြီ။ အခုသူမန်ချက်စတာစီးတီးကို ရောက်ရှိလာခြင်းဟာ သူ့ဘ၀အတွက် တကယ့်အချိန်ကောင်းပါပဲ။



လေဒီမန်း - ကလပ်အသင်းတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ၀ယ်ယူမှုများပြားလာတာကို ဘယ်လိုထင်ပါသလဲ။

ဖာဂူဆန် - ကြိုဆိုပါတယ်။ ဒါပေမယ့် ခဏတာ အောင်မြင်မှုမရရုံလေးနဲ့ နည်းပြတွေကိုလွယ်လွယ်နဲ့ ထုတ်ပယ်နေကြတာကိုတော့ သဘောမကျပါဘူး။



လေဒီမန်း - နောက်ဆုံးအနေနဲ့ တစ်ခုမေးချင်ပါတယ်။ အသင်းမှာ မတည်မငြိမ်ဖြစ်နေတဲ့ စီရော်နယ်ဒိုနဲ့ပတ်သတ်ပြီး ဆာအလက်စ်ဖာဂူဆန်အနေနဲ့ ဘာများပြောချင်ပါသေးလဲ။

ဖာဂူဆန် - ဘာမှပြောစရာမရှိပါဘူး။ ကျေးဇူးတင်ပါတယ်။

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.