အင်္ဂလန်နိုင်ငံ ဖန်းဘရော့မြို့တွင် ဇူလိုင် (၁၄) ရက်နေ့ကကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ လေကြောင်းပြပွဲတွင် အမေရိကန် လေတပ်မတော်သုံး F-22 လေယာဉ်ပျံအား အများပြည်သူများရှေ့တွင် ပထမဆုံးအကြိမ် ပျံသန်းပြခဲ့သည်။ လော့ဂ်ဟိမာတင် ကုမ္ပဏီမှထုတ်လုပ်သော စွမ်းရည်မြင့်အဆိုပါ စူပါရက်ပ်တာ ဂျက်တိုက်လေယာဉ်မှာ အမေရိကန်တပ်မတော်၏ မဟာဗြူဟာအမြောက်ဆုံး တိုက်လေယာဉ်အမျိုးအစားဖြစ်သည်။ လေယာဉ်မှာ နံပါတ် (၅) မျိုးဆက် ကိုယ်ပျောက်လေယာဉ်ပျံ (ရေဒါဖြင့်ဖမ်းယူနိုင်ခြင်းမရှိသော လေယာဉ်ပျံ) ဖြစ်ပြီး အလွန်အဆင့်အတန်းမြင့်သော တိုက်ခိုက်ရေး၊ ကာကွယ်ရေးစနစ်များ တပ်ဆင်ထားသည်။ အမေရိကန် လေတပ်မတော်မှ ဗိုလ်မှူး မက်စ်မိုဂါ၏ (၁၂) မိနစ်ကြာ စွမ်းရည်ပြပျံသန်းမှုအား ပရိသတ် သုံးသိန်းကျော်က ရင်သပ်ရှုမော အားပေးခဲ့ကြသည်။ ဖန်းဘရော့ လေကြောင်းပြပွဲတွင် နိုင်ငံပေါင်း (၃၅) နိုင်ငံမှ လေယာဉ်မှူး (၁၅၀၀) ခန့် ပါဝင်အစွမ်းပြခဲ့သည်။ ၄င်းတို့၏ ခေတ်အမီဆုံး ကိုယ်ပျောက် တိုက်ခိုက်ရေးလေယာဉ်အား အများပြည်သူရှေ့ တရားဝင်ပျံသန်းပြခဲ့အပြီး အမေရိကန်နိုင်ငံအနေဖြင့် ဆဌမမျိုးဆက် ကိုယ်ပျောက်လေယာဉ် စမ်းသပ်ထုတ်လုပ်နေမှု အောင်မြင်သွားခဲ့ပြီဟူသော ခန့်မှန်းချက်များကို ပိုမိုခိုင်မာလာစေခဲ့သည်။ F-22 တိုက်လေယာဉ်တစ်စင်း၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၂သန်းဖြစ်ပြီး အဆိုပါပမာဏမှာ တပ်ဆင်ထားသော အခြားပစ္စည်းများတန်ဖိုး မပါဝင်သေးကြောင်း သိရသည်။