ခရစ်စတီယာနို ရော်နယ်လ်ဒိုနှင့် လမ်းခွဲခဲ့ပြီဖြစ်ကြောင်း ကြေညာပြီး ရက်ပိုင်းအတွင်းမှာပင် နီရိုင်ဒါမှာ အတွဲအသစ်နှင့် ပျော်ပွဲဝင်နေပြီဖြစ်ကြောင်း သိရသည်။ ရေလွှာလျှောစီး ဆိုင်ကယ်ပေါ်တွင် တစ်ယောက်နှင့် တစ်ယောက် အနမ်းတွေခြွေမ၀ဖြစ်နေသော နာရိုင်ဒါနှင့် သူမ၏အမျိုးသား အဖော်အသစ်တို့၏ ဓာတ်ပုံများကိုစပိန်ရှိ အတင်းအဖျင်းစာစောင်များတွင် အသားပေးဖော်ပြခဲ့သည်။ စပိန်မော်ဒယ်လ် နီရိုင်ဒါအနေဖြင့် သူမ၏အမျိုးသားအဖော်သစ်နှင့် လူရှေ့သူရှေ့တွင်တွဲပြလိုက်ခြင်းက ရော်နယ်လ်ဒိုကြောင့် အသည်းမကွဲကြောင်း ကြေငြာလိုက်ခြင်းပင်ဖြစ်သည်။ ပေါ်တူဂီသား မန်ချက်စတာယူနိုက်တက် တောင်ပံသမား စီရော်နယ်လ်ဒိုကလည်း အားကျမခံ မာလီဘူးကမ်းခြေတွင် ဘီကီနီမယ်လေးများနှင့် အပန်းဖြေလျက်ရှိနေသည်။
.jpg)
.jpg)
(အတွဲသစ်ကိုယ်စီဖြင့် အဆင်ပြေနေသော ရော်နယ်လ်ဒိုနှင့် နီရိုင်ဒါ)
ရော်နယ်လ်ဒိုမှာ ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် မန်ချက်စတာယူနိုက်တက်၏ ရာသီအစပွဲစဉ်များတွင် နှစ်လခန့် အစွမ်းပြနိုင်ဦးမည်မဟုတ်သော်လည်း အခြားနေရာများတွင် အစွမ်းပြနိုင်ပါကြောင်း မာလီဘူးဒေသခံများက ရယ်စရာအဖြစ်ပြောဆိုနေကြသည်။ အသက် (၂၃) နှစ်အရွယ်နီရိုင်ဒါအနေဖြင့် စီရော်နယ်လ်ဒိုနှင့် (၅) လကြာမျှ တွဲခဲ့ပြီးနောက်ပိုင်းတွင် ကမ္ဘာသိထင်ရှားလာခဲ့သည်။ နီရိုင်ဒါမှာ ရော်လ်နယ်ဒို လက်ဆောင်ပေးထားသော စိန်လက်စွပ်အား ၀တ်ဆင်ထားလျက်ပင် ရှိနေသေးပြီး အစောပိုင်းက သူမနှင့် ရော်နယ်လ်ဒို ချစ်သူများအဖြစ် ဆက်လက်ရှိနေသေးကြောင်း ပြောကြားခဲ့သော်လည်း ယခုကဲ့သို့ လူမြင်ကွင်းတွင် အခြားအမျိုးသားတစ်ဦးနှင့် စုံတွဲခုတ်နေခြင်းကြောင့် သူမနှင့် ရော်နယ်လ်ဒိုတို့၏ အကွဲအပြဲဇာတ်လမ်းမှာ သေချာသွားပြီဖြစ်သည်။ ယခုအချိန်တွင် ရော်နယ်လ်ဒိုအနေဖြင့် အတွဲအသစ်မရှိသေးသော်လည်း ပဲရစ်ဟီလ်တန် အပါအ၀င် မိန်းမလှလေးများနှင့် စုံတွဲခုတ်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။