ပြီးခဲ့သည့် ဧပြီလကတည်းက ရုံတင်ပြသခဲ့သော “ဟော့ရှော့” ရုပ်ရှင်ဇာတ်ကားပြီးနောက် မြန်မာရုပ်ရှင်ဇာတ်ကားသစ်များ ပြသခြင်းမရှိရာမှ လာမည့်ဇူလိုင် ၂၅ ရက်နေ့တွင် “ရင်ခုန်နှင်းဆီ” အမည်ရှိဇာတ်ကားကို ရုံတင်ပြသမည်ဖြစ်ဟု သိရသည်။ အဆိုပါဇာတ်ကားတွင် ကျော်သူ၊ မို့မို့မြင့်အောင်၊ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့်တို့ ပါဝင်သရုပ်ဆောင်ထားကြသည်။ ဆုသြချယ်၏ ဝတ္ထုကို မျိုးကိုမျိုးက ဇာတ်လမ်းပြန်လည်ရေးသားကာ ဒါရိုက်တာအောင်ဆွေ(မြန်မာ)ရိုက်ကူးထားတာဖြစ်ပြီး လူကြီးများရဲ့ ပဋိပက္ခနှင့် လူငယ်များရဲ့ချစ်ခြင်းမေတ္တာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ ၂၀၀၈ခုနှစ်အတွင်း မြန်မာရုပ်ရှင်ဇာတ်ကားများအဖြစ် ဇန်နဝါရီလတွင် ရုံတင်ခဲ့သော “အမည်မဖော်လိုသူအချစ်”ဇာတ်ကားနှင့် ဧပြီလတွင် ရုံတင်ခဲ့သော “ဟော့ရှော့” ရုပ်ရှင်ဇာတ်ကား (၂)ကားသာ ရုံတင်ပြသခဲ့သည်။ “ရင်ခုန်နှင်းဆီ” ဇာတ်ကားမှာ ယခုနှစ်အတွင်း တတိမြောက်ရုံတင်သည့်ဇာတ်ကားဖြစ်လာပါမည်။ လာမည့်သြဂုတ်လတွင် ရုပ်ရှင်ဇာတ်ကား(၃)ကားခန့်သာ ရုံတင်နိုင်မည်ဟု သိရပြီး ယခုနှစ်တွင် ရုံတင်ပြသသော မြန်မာရုပ်ရှင်ဇာတ်ကားအရေအတွက်မှာ ယမန်နှစ်ကထက် လျော့နည်းဖွယ် ရှိသည်။