အင်္ဂလိပ်ပရီးမီးယားလိဂ်ကလပ်အသင်း ဘလက်ဘန်းအသင်းနည်းပြသစ် ပေါလ်အင့်စ်က ၄င်းတို့အသင်းသည် တော့တင်ဟမ်ဟော့စပါးအသင်းမှ အင်္ဂလန်လက်ရွေးစင် ဂိုးသမား ပေါလ်ရော်ဘင်ဆင်အား ခေါ်ယူနိုင်ရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း အတည်ပြုသွားသည်။ ယခင် အင်္ဂလန်၏ နံပါတ်တစ် ဂိုးသမားဖြစ်ခဲ့သော်လည်း ပြီးခဲ့သောနှစ်အတွင်း လက်ရွေးစင်အသင်းနှင့် တော့တင်ဟမ်အသင်းတို့တွင် စိတ်ပျက်ဖွယ်ရာ အမှားအယွင်းများနှင့် ကြုံတွေ့ခဲ့ပြီးနောက် စပါးအသင်းနည်းပြ ဟွမ်ဒီရာမို့စ်က ရော်ဘင်ဆင်အား ရောင်းချရန်ဆုံးဖြတ်ခဲ့သည်။ ဘလက်ဘန်းအသင်းမှာလည်း ၄င်းတို့၏ အသက် (၃၇) နှစ်အရွယ် အမေရိကန်ဂိုးသမားကြီး ဖရီဒယ်လ်အား အက်စတွန်ဗီလာအသင်းသို့ ပေါင်(၂.၇၅)သန်းဖြင့် ရောင်းချရန်သဘောတူညီခဲ့ပြီး ရော်ဘင်ဆင်အား စိတ်ဝင်တစား ကမ်းလှမ်းလာခဲ့သည်။ အသက် (၂၈) အရွယ် ယခင် လိဒ်စ်ယူနိုက်တက်အသင်း၏သူရဲကောင်း ပေါလ်ရော်ဘင်ဆင်အနေဖြင့် ဘလက်ဘန်းအသင်းသို့ ပေါင်(၃.၅)သန်းနှင့် ပြောင်းရွှေ့ပြီး တော့တင်ဟမ်အသင်းတွင် ကျဆင်းခဲ့ရသော ၄င်း၏ ဂုဏ်သိက္ခာကို အဖတ်ဆည်နိုင်ရန် မျှော်လင့်လျက်ရှိသည်။ စပါးအသင်းမှာ ယခုရာသီ ရော်ဘင်ဆင်၏နေရာ၌ အစားထိုးနိုင်ရန် ပီအက်စ်ဗွီအသင်းမှ ဘရာဇီးလ်လက်ရွေးစင် ဂိုးသမား ဟီရယ်လ်ဟို ဂိုမက်စ်ကို ကြိုတင်ခေါ်ယူထားပြီးဖြစ်သည်။