သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော အကြောင်းရင်းများတွင် ရွှေတောဒေသများတွင် တရားမ၀င်အသုံးပြုနေသော ဆိုက်ယာနိုက်အက်ဆစ်များမှာ တစ်ခုအပါအ၀င်ဖြစ်နေ
အခုဆိုရင် ကဘာကြီးဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာခြိမ်းခြောက်မှုဒဏ်တွေကို အလူးအလဲခံနေရပါတယ် လို့ ပြောလာသူကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်နဲ့ ကျောင်းပြီးခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လူငယ်တစ်ဦးပါ။ သူက သူသိထားတဲ့ သဘာဝပတ်ဝန်းကျင်ယိုယွင်းမှုဆိုင်ရာ အချက်အလက်တွေကို စိတ်လိုလက်ရ နဲ့ အခုလိုရှင်းပြပေးခဲ့ပါတယ်။ - အခု ကျနော်တို့ရဲ့ ကဘာမြေဟာ သိပ်ကို သတိထားစရာကောင်းတဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျနော် က oversea မှာရှိတဲ့ တက်ကသိုလ် တစ်ခုကနေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်နဲ့ ကျောင်းပြီးခဲ့ပြီး အခု မြန်မာပြည်ကသဘာဝပတ်ဝန်းကျင်ထိန်သိမ်းမှုဆိုင်ရာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခု(NGO)မှာ အငယ်တန်းပညာရှင်အနေနဲ့ လုပ်ကိုင်နေပါတယ်။ ကျနော် သိထားသလောက် သဘာဝပတ်ဝန်းကျင်ကိုယိုယွင်းထိခိုက် စေတဲ့အကြောင်းအချက်တွေကတော့ (1) မြေဆီလွှာပြုန်းတီးမှု(soil degradation)၊ (2) သစ်တောပြုန်းတီးမှု(Deforestation)၊ (3)ရေသန့်ညစ်ညမ်းမှု(သို့) ရေသန့်အဆင့် အတန်း နိမ့်ကျမှု(Fresh Water degradation) ၊ (4) ဖန်လှောင်အိမ်အကျိုးဆက် (Greenhouse effect) တွေနဲ့ စိမ့်မြေတွေပျက်စီးမှု( Wetlands degradation)တွေကြောင့်ပဲဖြစ်ပါတယ်။ ကျနော်က အညာသားပါ၊ ဇာတိက ရမည်းသင်းနယ်ဘက်ကပါ။ ကျနော်တို့မြို့ဟာ ခရိုင်မြို့တစ်မြို့ပါ။ အခုဆိုရင် ကျနော်တို့ ရမည်းသင်းနယ်အပိုင်ဖြစ်တဲ့ ရွှေတောဒေသရှိရာ ရမည်းသင်းမြို့ အရှေ့မြောက်ဖက်က မိုးထိမိုးမိတောင်၊နှာပူးတောင်၊စတဲ့ဒေသတွေဟာ ရွှေထွက်လို့ အနယ်နယ်အရပ်ရပ်က ရွှေတူးဖော်လုပ်ကိုင်သူတွေ လာရောက်လုပ်ကိုင်စည်ကားနေပါပြီ။ ကျနော်ပြောချင်တာက အဲဒီမှာ တူးနေတဲ့သူတွေထဲက တစ်ချို့ဟာ တရားမ၀င်တဲ့ ဆိုက်ယာနိုက်အက်ဆစ်ဓာတ်တွေကို သုံးပြီး ရွှေဖမ်း(ရွှေထုတ်ယူတာ)တဲ့နေရာမှာ သုံးနေကြတာကိုပါ၊ ဆိုက်ယာနိုက်အက်ဆစ်ဟာ အလွယ်တကူရွှေဖမ်းလို့ရတဲ့အတွက် သူတို့တွေဟာ တားမြစ်ထားတာကိုသိရက်နဲ့ မသိအောင်သုံးနေကြပါတယ်။ အကျိုးဆက်ကတော့ ဆိုက်ယာနိုက်အက်ဆစ်ဓာတ်ငွေ့တွေဟာ ရွှေဖမ်းပြီးလို့ စွန့်ပစ်လိုက်တဲ့ အရည်တွေထဲမှာ ကျန်နေခဲ့ပြီး တောင်အောက်မှာရှိတဲ့ ရွာတွေရဲ့မြေဆီလွှာ၊ ရေ စတဲ့သဘာဝပတ်ဝန်းကျင်ကို အလူးအလဲထိခိုက်နိုင်စရာ အကြောင်းရှိနေပါတယ်။ တာဝန်ရှိသူတွေက သည်းသည်းမည်းမည်းတားဆီးနေပေမဲ့ တာဝန်မဲ့ပြီး ကိုယ့်အကျိုးကို မျှော်တဲ့ရွှေတူးသူတစ်ချို့ကတော့ အခုထိ အဲဒီတားမြစ်ဓာတ်ပစ်စည်းကို သုံးနေကြဆဲပါ။ ဆိုက်ယာနိုက်ဟာ အရမ်းကို ကြောက်စရာကောင်းတဲ့ ဓာတ်တစ်မျိုးပါ၊ အဲဒီဓာတ်ရဲ့အာနိသင်ဟာ စောစောက ကျနော်ပြောပြခဲ့တဲ့ သဘာဝပတ်ကျင်းထိခိုက်စေတဲ့အချက် ငါးချက်နဲ့ မလွတ်တန်းငြိနေပါတယ်။ ဒီဆိုက်ယာနိုက် ဟာ ရမည်းသင်းလိုဒေသမှမဟုတ်ဘူး၊ ရွှေထွက်ရှိတဲ့ ဒေသတော်တော်များများမှာ ၀ိသမလောဘသမားတွေရဲ့ အသုံးချပစ်စည်းဖြစ်နေတယ်လို့ တာဝန်ရှိသူတစ်ဦးကလည်း ပြောဖူးတာကြားဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့တွေဟာ မိမိနေထိုင်ရာ ကဘာမြေအရှည်တည်မြဲလှပသာယာရေးအတွက် တတ်စွမ်းသလောက် ကိုယ့်ရဲ့သဘာဝပတ်ဝန်းကျင်ကိုမပျက်စီးအောင် ထိန်းသိမ်းကြရပါမယ်။ ဒီဆိုက်ယာနိုက်ကို သုံးနေတဲ့သူတွေထဲမှာ ခုနကလို သိသိကြီးနဲ့ အကျိုးစီးပွားတစ်ခုတည်းအတွက် သုံးတဲ့သူတွေပါနိုင်သလို ၊ အရိုးခံမသိလို့သုံးနေတဲ့သူတွေလည်း ပါမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အခု ဒီကျနော်ပြောတာလေးကိုကြားပြီးရင် တော့ အကျိုးတစ်စုံတစ်ရာရှိကောင်းပါတယ်-လို့ ပြောပြခဲ့ပါတယ်။ အဆိုပါ ဆိုက်ယာနိုက်(cyanide cn-)ဓာတ်ဟာ ရွှေထွက်ရှိရာဒေသများတွင် အသုံးမပြုရန်တားမြစ်ထားသောဓာတ်ပစ်စည်းဖြစ်ကြောင်း၊ လက်ဝယ်တွင်တွေ့ရှိပါက ထောင်ဒဏ် သုံးနှစ် အနည်းဆုံးကျခံနိုင်စရာရှိကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေတစ်ခုမှာ ဆိုထားတာကို လေ့လာသိရှိရပါတယ်။