Guest. It's 10:35 AM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
နွေနေခြည်နဲ့ တူတူပုန်းတမ်း ကစားမယ်
Fashion
Posted on Apr 25 07 - 02:05 PM | Hits : 13203 | Save as PDF
နွေရာသီမှာ နေရောင်ခြည်ဟာ အပြင်းပြဆုံးပဲဆိုတော့ အန္တရာယ်ပေးနိုင်တဲ့ (UV) ခရမ်းလွန်ရောင်ခြည်တွေကနေ ကာကွယ်ဖို့ ဆောင်ရွက်ကြရမယ်ဆိုတာ အထူးပြောနေဖို့ မလိုပါဘူးနော်။ လိုအပ်တာထက်ပိုပြီး နေရောင်ထိရင် အသားအရေတွေ ပျက်စီးတတ်ပါတယ်။ အမည်းစက်ကလေးတွေ နေလောင်ကွက်ကလေးတွေ ဖြစ်လာနိုင်တဲ့အပြင် အရေပြားကင်ဆာဖြစ်နိုင်လောက်အောင် နေရောင်ပြင်းပြင်းက အန္တရာယ်ရှိပါတယ်။ မိန်းကလေးအများစုက နေလောင်ပြီး အသားမည်းမှာကို စိုးရိမ်ကြတော့ အသားအရည်စိုပြည်လှပနေအောင် ထိန်းသိမ်းထားနိုင်ဖို့ နည်းလမ်းကောင်းတွေ သိဖို့လိုအပ်တယ်မဟုတ်လား။ အခုပြောမှာတွေကလည်း အသားအရေကို နေရောင်ခြည်ကြောင့် အန္တရာယ်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲဆိုတဲ့ အချက်ကလေးတွေပါပဲ။



မနက် (၉)နာရီ မတိုင်ခင်



နွေရာသီရဲ့ နေရောင်ခြည်ကို နံနက် ၉ နာရီမတိုင်ခင် မနက်ခင်းစောစောအချိန်လေးတွေမှာ ခံစားတာဟာ အကောင်းဆုံးနဲ့ သက်တောင့်သက်သာအရှိဆုံးပါပဲ။ ဒါကြောင့် မနက်ခင်းတွေမှာ စောစောထပြီး နေရောင်ခြည်အောက်မှာ လေ့ကျင့်ခန်းလုပ်တာ အင်မတန် အကျိုးထူးမှာပါပဲ။ သိပ္ပံပညာရှင်တွေ အဆိုအရ မနက်စောစော (၈)နာရီမတိုင်ခင်လောက်မှာ နေရောင်ထဲမှာ ခရမ်းလွန်ရောင်ခြည် အရမ်းအားနည်းတာမို့ အပြင်ထွက်မယ်ဆိုရင် နေလောင်ခံပစ္စည်းတွေ လိမ်းဖို့မလိုဘူးတဲ့။ ဒါပေမယ့် (၈)နာရီကျော်ရင်တော့ မဖြစ်မနေ လိမ်းရပါမယ်။



နေလောင်ခံ sunscreen ကို အပြင်မထွက်ခင် နာရီဝက်လောက် ကြိုပြီးလိမ်းသင့်ပါတယ်။ လိမ်းမယ့် sunscreen အမျိုးအစား ရွေးချယ်ရာမှာ မိမိရဲ့အသားအရေ၊ အပြင်မှာ လှုပ်ရှားမယ့်ပုံစံတွေအပေါ် မူတည်ပြီး ကွဲလွဲပါတယ်။ SPF 8 ကနေ 12 အထိပါဝင်တဲ့ နေလောင်ခံမိတ်ကပ်က သာမန်အသားအရေတွေအတွက် သင့်တော်ပြီး အနည်းငယ် ထိခိုက်လွယ်တဲ့ အသားအရေတွေအတွက်တော့ SPF 12 မှ 20 ပါဝင်တာကို ရွေးချယ်ဖို့လိုအပ်ပါတယ်။ အရမ်းနုတဲ့ အသားအရေပိုင်ရှင် ဆိုရင်တော့ SPF 30 အထက်ကို သုံးသင့်ပါတယ်။



အပြင်ဘက်မှာ လှုပ်ရှားမှုပုံစံတွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ရုံးတွင်းမှာနေရမယ့်သူအတွက် SPF 15 က လုံလောက်ပါတယ်၊ အပြင်ဘက်ထွက်ပြီး လုပ်ရှားမယ့်သူတွေကတော့ SPF 30 အထက် လိုအပ်သလို ပင်လယ်ကမ်းခြေမှာ အပန်းဖြေမယ့်သူအတွက် ရေစိုခံတဲ့ water-proof sunscreen ကို သုံးဖို့ လိုအပ်ပါတယ်။



မနက် (၉)နာရီမှ ညနေ (၃)နာရီ

ဒီအချိန်ကတော့ ခရမ်းလွန်ရောင်ခြည် အားအပြင်းထန်ဆုံး ဖြာကျတဲ့အချိန် ဖြစ်တာကြောင့် အတတ်နိုင်ဆုံး အပြင်မထွက်တာ ကောင်းတာပေါ့။ ဒါပေမယ့် အပြင်သွားရဖို့ လိုအပ်လာပြီဆိုရင်တော့ UV Ray တွေကို ကာကွယ်ဖို့ အ၀တ်အစားတွေက ကူညီပါလိမ့်မယ်။



ချည်သားစစ်စစ် (pure cotton) အ၀တ်အထည်တွေက SPF 15 ကနေ 40 အထိပါဝင်ပါတယ်၊ ချည်သားမဟုတ်တဲ့ တခြားအထည် အရောင်ဖျော့လေးတွေက SPF နှုန်းဒုတိယ အနည်းဆုံးဖြစ်ပြီး သိုးမွေးချည်ထည်ကဲ့သို့သော အ၀တ်အထည် အရောင်ဖျော့တွေကတော့ SPF နှုန်း အနည်းဆုံးပါ။



နေ့လည်စာစားတဲ့အခါ နေရောင်ခြည်နဲ့ မတည့်တဲ့ အစားအစာတွေ ဥပမာ-ကရဝေး၊ ကြက်သွန်မြိတ်၊ မုန်လာဥနဲ့ ပဲငံပြာရည် အစရှိသည်တို့ကို ရှောင်သင့်ပါတယ်။ အဲဒီအစားအစာတွေက တင်းတိပ်ဖြစ်ပေါ်စေတတ်ပါတယ်။ တချို့အစားအစာတွေကတော့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးတဲ့ ဓာတ်စာတွေ ပါဝင်ပြီး UV ရောင်ခြည်တွေကို တန်ပြန်ချေဖျက်ပေးနိုင်ပါတယ်။ အဲဒါတွေကတော့ ဗူးသီး၊ ပန်းမုန်လာ၊ ငါးရှဉ့်နဲ့ စတော်ဘယ်ရီသီး အစရှိသည်ဖြင့်ပေါ့။



နေရောင်ခြည်အောက်မှာ ချွေးသံရွှဲရွှဲနဲ့ အလုပ်လုပ်တဲ့အချိန် ကြာမြင့်လေလေ sunscreen ကို မကြာခဏ ပိုပြီးလိမ်းပေးရလေပါ။ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေက နဖူးနဲ့ နှာခေါင်းတစ်ဝိုက် T-zone နေရာကို ဂရုတစိုက်လိမ်းပေးသင့်ပြီး နေရောင်ခံ မလိမ်းခံမှာ မျက်နှာပေါ်က အဆီတွေကို စက္ကူအပါးစနဲ့ အသာလေးစုတ်ထုတ် ဖယ်ရှားရပါမယ်။ အသားအရေ ခြောက်သွေ့သူတွေကျတော့ moisturizer ကို အရင်လိမ်းပြီးမှ နေရောင်ခံ လိမ်းရပါမယ်။



ညနေ (၆)နာရီနောက်ပိုင်း

ညနေ ၆ နာရီနောက်ပိုင်း နေ၀င်သွားတဲ့အချိန်ကတော့ အပြင်ထွက်ပြီး ဘောလုံးကန်၊ ကြက်တောင်ရိုက် အစရှိသည် ကစားကြတဲ့အချိန်ပေါ့။ အားအင်သုံးပြီး ပြင်းပြင်းထန်ထန် ကစားကြတဲ့အခါ ညဘက်မှာ ဆံပင်နဲ့ မျက်နှာအသားအရေတို့ကို ပြန်လည်ပြုပြင်ပေးတဲ့ အလုပ်တစ်ချို့ကို လုပ်ပေးဖို့ လိုအပ်ပါမယ်။



နွေရာသီမှာ ချွေးအရမ်းထွက်ပြီး ဆံပင်တွေ ပျက်စီးတတ်တာကြောင့် အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ethanol (အရက်ပျံ) နဲ့ formalin (ပိုးသတ်ဆေး) ပါဝင်တဲ့ ခေါင်းလျှော်ရည်တွေကို ရှောင်ရှားပြီး ဦးရေပြားကို စိုပြေစေတဲ့ (mint) ပါဝင်တဲ့ ခေါင်းလျှော်ရည်တွေ သုံးသင့်ပါတယ်။ ဒါ့အပြင် အဲဒီ ခေါင်းလျှော်ရည်တွေဟာ ဦးရေပြားကို အကာအကွယ်ပေးတဲ့ တိုင်းတာမှုနှုန်း KPF 2 ရဲ့အထက်မှာ ရှိသင့်ပါတယ်။



မျက်နှာအသားအရေ နေလောင်တာကို ပြေပျောက်စေနိုင်တာကတော့ ခရမ်းချဉ်သီးကို ဖျော်ပြီး မျက်နှာမှာ လိမ်းသုတ်ပေးခြင်းပါ။ ဂွမ်းစကလေးတစ်စကို ခရမ်းချဉ်သီးဖျော်ရည်ထဲ နှစ်ထည့်ပြီးနောက် မျက်နှာပေါ်မှာ သုတ်လိမ်းပေးပြီး ၁၀ မိနစ်မှ ၁၅ မိနစ်လောက် ထားထားပါ။ ဒါဟာ အသစ်ဖြစ်လာတဲ့ တင်းတိတ်နဲ့ နေလောက်ကွက်တွေကို အရောင်ဖျော့သွားစေနိုင်ပါတယ်။ ပိုက်ဆံလည်းမကုန်ဘူး၊ ထိလည်းထိရောက်ပါတယ်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.