Guest. It's 04:52 AM - Myanmar time. Register or Login | Download Myanmar Font 
  
ပိုင်ရှင်အသစ်၊ ကစားသမားအသစ်နှင့် မန်စီးတီး
Posted on Sep 05 08 - 10:19 AM | Hits : 512 | Save as PDF

မန်ချက်စတာယူနိုက်တက်မှ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်မှူး ကားလို့စ်အယ်ဗာရို တီဗက်စ်က ၎င်းတို့၏ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးမှာ ယူနိုက်တက်၏ ချန်ပီယံကာကွယ်ရေး မျှော်လင့်ချက်များကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်လာနိုင်ကြောင်း ၀န်ခံသွားခဲ့သည်။ မန်ချက်စတာစီးတီးအသင်းသည် အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးပိတ်ရက်တွင်  ဒူဘိုင်းသူဌေး အယ်လ်ဖာဟင်၏လက်အတွင်း ရောက်ရှိခဲ့ပြီးနောက် ရီးယဲလ်တိုက်စစ်မှူး ရော်ဘင်ဟိုအား ပေါင်(၃၂.၈)သန်းခန့်ဖြင့် ၀ယ်ယူလိုက်သည်။ ထို့အပြင် မန်ချက်စတာယူနိုက်တက်သို့ ရောက်ရှိခဲ့သည့် ဘူလ်ဂေးရီးယားတိုက်စစ်မှူး ဒီမီတာဘာဘာတော့ဗ်အား စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ကြားဖြတ်ခေါ်ယူနိုင်ရန် အသည်းအသန်ကြိုးပမ်းခဲ့သေးသည်။



(မန်စီးတီးပိုင်ရှင်သစ်)

ရီးယဲလ်အသင်းက မန်စီးတီးအနေဖြင့် ၄င်းတို့၏ဒတ်ခ်ျတိုက်စစ်မှူး ရုဒ်ဗန်နစ္စတယ်ရွိုင်းကိုလည်း မန်စီးတီးက ကမ်းလှမ်းခဲ့သေးကြောင်း ၀န်ခံခဲ့ပြီး ထိုကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း ကြေငြာခဲ့သည်။ အသက်(၃၁)နှစ်အရွယ် သန်းကြွယ်သူဌေး အယ်လ်ဖာဟင်အနေဖြင့် ငွေကြေးအင်အားသုံးစွဲပြီး မန်စီးတီးအသင်းကို အင်အားဖြည့်တင်းသွားနိုင်ဖွယ်ရှိသည်။ အယ်လ်ဖာရက်က မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်လ်ဒိုအား ပေါင်(၁၃၅)သန်းနှင့် ခေါ်ယူသွားရန် အသင့်ရှိနေကြောင်း တရားဝင်ထုတ်ဖော် ပြောကြားသွားခဲ့သလို ဖာနန်ဒိုတောရက်စ်၊ လီယွန်နယ်မက်ဆီ၊ ဆက်ဖာဘရီဂက်စ်၊ ကာကာ၊ ရော်နယ်ဒင်ဟို တို့အား ပစ်မှတ်ထားနေကြောင်းလည်း ၀န်ခံသွားသည်။

ထိုသို့သောအနေအထားများကြောင့် မန်ချက်စတာယူနိုက်တက်အနေနှင့် ချန်ပီယံဘွဲ့အား ကာကွယ်ရန် ပိုမိုရုန်းကန်ရဖွယ်ရှိကြောင်း တီဗက်စ်က သုံးသပ်ပြောကြားခဲ့သည်။ ယခုရာသီတွင် မန်ချက်စတာယူနိုက်တက်အနေနှင့် ဘူလ်ဂေးရီးယားတိုက်စစ်မှူး ဘာဘာတော့ဗ်အား ခေါ်ယူနိုင်ခဲ့သဖြင့် တိုက်စစ်ပိုင်း ပိုမိုတောင့်တင်းလာခဲ့ပြီး အင်ဂိုလာလက်ရွေးစင် ရှေ့တန်းလူ မာနူချိုမှာလည်း Work Permit ရရှိခဲ့ပြီဖြစ်သောကြောင့် မန်ချက်စတာအသင်းအတွက် အားတက်ဖွယ်အနေအထားပင်ဖြစ်သည်။ သို့သော် ယခုနှစ်မန်ချက်စတာစီးတီးမှာ ရှောင်ရိုက်ဖီးလစ်၊ ဗင်းဆင့်ကွန်ပနီ၊ ရော်ဘင်ဟို နှင့် ဂျိုစသော အရည်အသွေးမြင့် ကစားသမားများကို ခေါ်ယူနိုင်ခဲ့သည်။ ထို့အပြင် ဇန်န၀ါရီလ အပြောင်းအရွှေ့ကာလအတွင်း နောက်ထပ်ထိပ်သီးကစားသမားများကို ထပ်မံအားဖြည့်သွားရန်လည်း စိုင်းပြင်းနေပြီဖြစ်သည်။ ထို့ကြောင့် မန်ချက်စတာစီးတီးအသင်းသည် မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ အာစင်နယ်စသော ထိပ်တန်းအသင်းကြီးများကို အကောင်းဆုံးစိန်ခေါ်လာနိုင်ဖွယ်ရှိသည်။



(ကစားသမားသစ် ရော်ဘင်ဟို)

အထူးသဖြင့် ညာတောင်ပံတွင် ရှောင်ရိုက်ဖီးလစ်၊ ဘယ်တောင်ပံတွင် ရော်ဘင်ဟိုတို့အား ပွဲထုတ်လာမည့် နည်းပြမာ့ခ်ဟုဂ်ျ၏ မန်ချက်စတာစီးတီးအသင်းမှာ ချန်ပီယံမန်ချက်စတာယူနိုက်တက်နှင့်အပြိုင် ပရီးမီးယားလိဂ်၏ တောင်ပံတိုက်စစ်အကောင်းဆုံး အသင်းတစ်သင်းအဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း လေ့လာသူများက သုံးသပ်လျက်ရှိကြသည်။ ချယ်လ်ဆီးအသင်း၏ ရုရှားသူဌေး ရိုမန်အေဗရာမိုဗစ်ခ်ျအတွက်လည်း ဓနအင်အားအရာတွင် ပြိုင်ဘက်တစ်ဦး ပေါ်ပေါက်လာပြီဖြစ်သည်။ မန်ချက်စတာစီးတီးအသင်းသည် တိုက်စစ်မှူး ဗန်နစ္စတယ်ရွိုင်းအား ဆောင်းရာသီအပြောင်းအရွှေ့တွင် ထပ်မံကြိုးပမ်းသွားဖွယ်ရှိနေသည်။ မန်စီးတီးအသင်း၏ပရိသတ်များမှာ ၄င်းတို့အသင်းသို့ ရော်ဘင်ဟိုရောက်ရှိလာမှုအား မယုံကြည်နိုင်လောက်အောင် ၀မ်းမြောက်နေကြပြီး အဘူဒါဘီသူဌေးအား လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြသည်။

မန်ချက်စတာစီးတီးအသင်းအနေဖြင့် မည်သည့်ကစားသမားများ ထပ်မံဝယ်ယူမည်မသိသေးသည့်တိုင် ၄င်းသည် ဖျက်မြင်းအဆင့်၊ အလယ်အလတ်အဆင့်နှင့် ရောင့်ရဲနေတော့မည့်အနေအထားတွင် ရှိမနေသည်မှာမူ အသေအချာပင်ဖြစ်သည်။ ထိုအနေအထားသည် ပရီးမီးယားလိဂ်ထိပ်တန်း လေးသင်းနှင့် တော့တင်ဟမ်ဟော့စပါးတို့ကဲ့သို့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်မှန်းနေသော အသင်းများအတွက် မျက်ခုံးလှုပ်စရာ အခြေအနေတစ်ရပ်ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ပရီးမီးယားလိဂ်ပြိုင်ပွဲများ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာစေမည့် အယ်လ်ဖာဟင်၏ ရင်းနှီးမြှုပ်နှံမှုများအား ကြိုဆိုရမည်ပင်ဖြစ်သည်။ အယ်လ်ဖာဟင်နှင့် မာ့ခ်ဟုဂ်ျတို့အနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲအား ဆယ်စုနှစ်တစ်ခုကျော်မျှ လွှမ်းမိုးထားခဲ့သည့် ၎င်းတို့၏ခါးသီးသော မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်၏ လောင်းရိပ်အောက်မှ ရုန်းထွက်နိုင်မည်လားဆိုသည်မှာမူ စိတ်ဝင်စားဖွယ်ရာ အနာဂါတ်တစ်ခုပင် ဖြစ်ပါတော့သည်။

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.