လွန်ခဲ့သော ရက်ပိုင်းအတွင်းက အသင်းမှထွက်ခွာမည်ဟု သတင်းများထွက်ပေါ်နေခဲ့သော နယူးကာဆယ်လ်ယူနိုက်တက်အသင်း မန်နေဂျာ ကီဗင်ကီးဂန်းမှာ နယူးကာဆယ်လ်နည်းပြရာထူးမှ တရားဝင်နှုတ်ထွက်သွားခဲ့ပြီဖြစ်သည်။ ကီးဂန်းအနေဖြင့် နယူးကာဆယ်လ်အား နှစ်ကြိမ်မြောက် စွန့်ခွာခြင်းဖြစ်ပြီး ၄င်း၏ဆုံးဖြတ်ချက်နှင့်ပတ်သတ်သော မှတ်ချက်တစုံတရာ ထုတ်ပြန်ပြောဆိုသွားခြင်းမရှိပေ။ လွန်ခဲ့သောရက်များအတွင်း နယူးကာဆယ်တွင် ကီးဂန်း၏အနေအထားမှာ သေချာရေရာခြင်းမရှိတော့ဟူသည့် သတင်းများထွက်ပေါ်လာခဲ့သည်။ စက်တင်ဘာလ(၄)ရက်နေ့က အသင်းပိုင်ရှင် မိုက်အက်ရှ်လေနှင့် တွေ့ဆုံအပြီး ကီးဂန်းက ရာထူးမှနှုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ သတင်းများအရ အမှုဆောင်အရာရှိချုပ်အဖြစ် ဒင်းနစ်ဝိုက်စ်အား ခန့်အပ်ပြီးကတည်းက ကီးဂန်းနှင့် မိုက်အက်ရှ်လေတို့၏ ဆက်ဆံရေးမှာ မပြေမလည်ဖြစ်နေခဲ့သည်ဟု သိရသည်။ ထို့ပြင် ကီးဂန်းအနေဖြင့် ရာထူးမှမစွန့်ခွာခင် (၃)ရက်ခန့်ကတည်းက နယူးကာဆယ်လ်ယူနိုက်တက်၏ လေ့ကျင့်ရေးအစီအစဉ်များကို ကိုင်တွယ်ခဲ့ခြင်းမရှိတော့ဟု ဆိုသည်။ ကီးဂန်းက အသင်းနှင့် အဆင်ပြေမှုရရှိရန် သင့်တော်သော နည်းလမ်းများရှာမတွေ့တော့သောကြောင့် ရာထူးမှနှုတ်ထွက်ခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့ပြင် ကီးဂန်းက၄င်းအနေဖြင့် နှုတ်ထွက်ရန်မှတပါး အခြားနည်းလမ်းမရှိပါဟုလည်း ၀န်ခံသွားခဲ့သည်။ ကီးဂန်းနှုတ်ထွက်ခဲ့မှုအပေါ် မကျေနပ်ကြသည့် နယူးကာဆယ်လ်ပရိသတ်များက အက်ရှ်လေနှင့် ၀ိုက်စ်တို့အား အသင်းမှနှုတ်ထွက်ပေးဟု ဆန္ဒပြသွားကြရန် ပြင်ဆင်လျက်ရှိနေကြသည်။
Source:
Goal