ဂျက်ဆီကာ ဆင်ဆမ်ကသူမအနေဖြင့် သရုပ်ဆောင်လုပ်ငန်းအား ဆက်လက်လုပ်ကိုင်တော့မည်မဟုတ်ဟု ပြောကြားသွားသည်။ အဆိုတော်၊ သရုပ်ဆောင်တစ်ဦးဖြစ်သူ ဂျက်ဆီကာသည် The Dukes of Hazzard ဇာတ်ကားဖြင့် သရုပ်ဆောင်လောကအတွင်း ၀င်ရောက်လာခဲ့သူဖြစ်သည်။ Blond Ambition နှင့် Employee of the Month ရုပ်ရှင်ဇာတ်ကားများတွင် အောင်မြင်မှုရရှိခဲ့သော ဂျက်ဆီကာက ဂီတဘက်တွင် ပိုမိုအာရုံစူးစိုက်သွားမည်ဟု ပြောဆိုခဲ့သည်။ သူမက သရုပ်ဆောင်အလုပ်များအား စွန့်ခွာခဲ့ပြီဖြစ်ကြောင်း၊ ဂီတဖျော်ဖြေမှုကိုသာ အလေးထားဆောင်ရွက်တော့မည်ဖြစ်ကြောင်း၊ သရုပ်ဆောင်ခြင်းနှင့်စာလျင် ၄င်းမှာသူမဘ၀အတွက် ပိုမိုအဓိပ္ပါယ်ပြည်ဝကြောင်း ဂျက်ဆီကာက ဆိုသည်။ သူမ၏ သရုပ်ဆောင်သက်တမ်းတလျှောက် အံ့အားသင့်ဖွယ် အရည်အချင်းရှိသည့် ဒါရိုက်တာများနှင့် တွေ့ကြုံခဲ့ဖူးကြောင်း ဂျက်ဆီကာက ပြောကြားသွားသည်။ သို့သော် ယခုအချိန်မှစပြီး ဂျက်ဆီကာဆင်ဆမ်သည် ဂီတအတွက်သာဖြစ်ရမည်ဟု သူမကဆိုသည်။ မကြာမီအချိန်အတွင်း သူမ၏အယ်လ်ဘမ်သစ် Do You Know ကိုထုတ်ဝေရန်ပြင်ဆင်နေသော ဂျက်ဆီကာက သူမ၏အသံပိုင်းကို အားရကျေနပ်မှုမရှိသေးကြောင်း ၀န်ခံခဲ့သည်။ အသက်(၂၈)နှစ်အရွယ် ဂျက်ဆီကာက E! Online နှင့် အင်တာဗျူးအစီအစဉ်တွင် သူမအား ထောက်ခံအားပေးသည့် ပရိသတ်များကို ကျေးဇူးတင်မိကြောင်းနှင့် သူမ၏စင်တင်ဖျော်ဖြေပွဲများတွင် လာရောက်အားပေးကြသည့် ပရိသတ်များအတွက်လည်း အကောင်းဆုံးကြိုးစားသွားမည်ဟု ကတိပေးပြောကြားသွားသည်။
Source:
Femalefirst