အီတလီလက်ရွေးစင် ဂိုးသမားဂီယန်လူဂီ ဘူဖွန်က ၎င်းအတွက် မန်ချက်စတာစီးတီးအသင်းက ယူရိုသန်း(၇၀)ဖြင့်ကမ်းလှမ်းထားကြောင်း ၀န်ခံခဲ့သည်။ ဒူဘိုင်းသန်းကြွယ်သူဌေးက အသင်းကိုဝယ်ယူပြီးနောက်ပိုင်း ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်လာအောင် တည်ဆောက်လျက်ရှိသော မန်ချက်စတာစီးတီးသည် ကမ္ဘာ့အကောင်းဆုံး ဂိုးသမားအဖြစ်သတ်မှတ်ခြင်းခံထားရသော အသက်(၂၉)နှစ်အရွယ် ဂျူဗင်းတပ်စ် ဂိုးသမားကို တရားဝင်ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။ သို့သော် ဘူဖွန်ကမူ မန်စီးတီး၏ ကမ်းလှမ်းမှုမှာ ၎င်းအတွက် ရယ်စရာကိစ္စတစ်ရပ်ဖြစ်ပြီး ၎င်း၏အသင်း ဂျူဗင်းတပ်စ်တွင်သာ ဆက်လက်ကစားသွားမည်ဟု ပြောကြားသွားသည်။ ဘူဖွန်က မန်ချက်စတာစီးတီးအသင်းမှာ ချန်ပီယံလိဂ်တွင် မကစားရသေးသည့် အနေအထားကြောင့် စိတ်မ၀င်စားကြောင်း တုန့်ပြန်ခဲ့သည်။ ဘူဖွန်က ဂျူဗင်းတပ်စ်နှင့်အတူ ချန်ပီယံလိဂ်နှင့် အီတလီစီးရီးအေပြိုင်ပွဲများတွင် ရလဒ်ကောင်းများ ရရှိနိုင်ရန်မျှော်လင့်ထားသည်ဟု ဆိုသည်။ ဘူဖွန်က ၎င်းတို့အသင်းအနေဖြင့် ချန်ပီယံလိဂ်တွင် အောင်မြင်မှုရရန် ခက်ခဲမည်ဖြစ်ကြောင်း ၀န်ခံခဲ့သော်လည်း ရေပန်းစားနေသည့် ထိပ်သီးအသင်းအနည်းငယ်အား ဖြတ်ကျော်ဗိုလ်စွဲနိုင်ရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ဆိုသည်။ လက်ရှိကမ္ဘာ့ချန်ပီယံ အီတလီလက်ရွးစင်အသင်း၏ နံပါတ်(၁)ဦးစားပေး ဂိုးသမားဖြစ်သူ ဘူဖွန်သည် စနေနေ့ညတွင် စတင်မည့်(၂၀၁၀)ကမ္ဘာကဖလား ဥရောပဇုန်ခြေစစ်ပွဲများ၏ ပွဲဦးထွက်ပွဲစဉ်အဖြစ် ဆိုက်ပရပ်စ်နှင့် တွေ့ဆုံမည့်ပွဲတွင် ထမဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရမည်ဟု သိရသည်။ ဘူဖွန်ကဲ့သို့ ကမ္ဘာ့အကောင်းဆုံးဂိုးသမာတစ်ဦးအား ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပေးကမ်းလှမ်းခဲ့သော မန်ချက်စတာစီးတီးအသင်း၏ ခြေလှမ်းများမှာ အခြားသော ပရီးမီးယားလိဂ်အသင်းများအတွက် စိန်ခေါ်မှုတစ်ရပ်သဖွယ် ဖြစ်လာနေပြီဖြစ်သည်။
Source:
Goal