ဖက်ရှင်နှင့်စတိုင်လ်ဝါသနာရှင် ပျိုမေများကို ရွေးချယ်မြေတောင်မြှောက်ပေးနေသည့် Myanmar People မဂ္ဂဇင်း၏ Miss People (2008) ပြိုင်ပွဲကို မန္တလေးမြို့တွင် ပထမဆုံးအကြီမ်ဖြစ် ကျင်းပသွားမည်ဟု သိရသည်။ ယမန်နှစ်များက ရန်ကုန်တစ်မြို့တည်းတွင်သာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင်မူ မန္တလေးမြို့မှ ဖက်ရှင်နှင့်စတိုင်လ် ဝါသနာရှင်များအတွက်ပါ ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ မန္တလေးမြို့ Miss People (2008) ပြိုင်ပွဲကို စက်တင်ဘာလ (၂၈)ရက်နေ့၊ ညနေ(၃)နာရီတွင် မန္တလေးဟိုတယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရန်ကုန် Miss People (2008) ပြိုင်ပွဲကိုလည်း လာမည့် အောက်တိုဘာလ (၁၁)ရက်နေ့တွင် ရန်ကုန်မြို့ရှိ Strand Hotel ၌ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။ ရန်ကုန်မြို့ Miss People (2008) ပြိုင်ပွဲအတွက် လျှောက်လွှာများကို စက်တင်ဘာလ (၂၇)ရက်နေ့နောက်ဆုံးထား၍ Myanmar People မဂ္ဂဇင်းရုံးခန်း၊ လပြည့်ဝန်းပလာဇာ (၁၀)ထပ်သို့ ပေးပို့နိုင်ကြောင်း သိရသည်။
(Miss People 2007 ပြိုင်ပွဲကျင်းပစဉ်)
Miss People ပြိုင်ပွဲသို့ အသက်(၁၆)နှစ်မှ (၂၄)နှစ်အတွင်းရှိ ဝါသနာရှင်အမျိုးသမီးများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး အရပ်အမြင့် (၅)ပေ (၃)လက်မရှိရမည် ဖြစ်သည်။ ဝတ်စားဆင်ယင်မှုအနေဖြင့် စကပ်ပေါင်လယ်နှင့်အထက် ဝတ်ဆင်ယှဉ်ပြိုင်ခြင်း၊ လည်ပင်းအလွန်ဟိုက်လွန်းသော ဝတ်စုံများဖြင့် ဝတ်ဆင်ယှဉ်ပြိုင်ခြင်းကို ခွင့်မပြုကြောင်း စည်းကမ်းသတ်မှတ်ထားသည်။ ယခုနှစ်ပြိုင်ပွဲတွင် ဆုအမျိုးအစား (၅)မျိုးချီးမြှင့်သွားမည်ဖြစ်ပြီး အဓိကဆုအဖြစ် Miss Peopleဆုအပြင် 1st Runner up, 2nd Runner up၊ ပရိသတ်များမှ ရွေးချယ်ပေးမည့် People Choiceဆုနှင့် ယခုနှစ်၏ ဆုအမျိုးအစားသစ်ဖြစ်သည့် အကောင်းဆုံးစတိုင်လ်လစ်ဆု (Best Stylist)ဆုတို့ဖြစ်သည်။ မန္တလေးမြို့တွင် ကျင်းပမည့် Miss People (2008) ပြိုင်ပွဲကို အကဲဖြတ် ဒိုင်လူကြီးများအဖြစ် အဆိုတော်စိုင်းစိုင်းခမ်းလှိုင်၊ အဆိုတော်ခင်ဘုန်းနှင့် အခြားဂုဏ်သရေရှိ လူကြီးမင်းများက ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အခမ်းအနားမှူးအဖြစ် ဒေါ်တင်မိုးလွင်က ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဖျော်ဖြေမှုအဖြစ် အဆိုတော်များနှင့် အခြားအနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှု အစီအစဉ်လည်း ပါဝင်မည်ဖြစ်သည်။ ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် Miss People (2008) ပြိုင်ပွဲများနှင့် ပတ်သက်၍ အသေးစိတ် သတင်းအချက်အလက်များကို
MissPeople(2008) Official Website(www.people.com.mm/misspeople2008)တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
(Miss People 2007 ပြိုင်ပွဲကျင်းပစဉ်)