မြန်မာနိုင်ငံ၏ နာမည်ကြီး ရုပ်ရှင်မင်းသား တစ်ဦးဖြစ်သော လူမင်းက ၎င်း၏သမီးဦးလေး မွေးဖွားလာမှုအတွက် အတိုင်းမသိပီတိဖြစ်မိကြောင်း ပြောဆိုခဲ့သည်။ မြန်မာသတင်းမီဒီယာတစ်ခုဖြစ်သော 7 Day Newsမှ လူမင်းအား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ချိန်တွင် လူမင်းကယခုလို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ(၂၃)ရက်နေ့က ပန်းလှိုင်နိုင်ငံတကာဆေးရုံကြီးတွင် မွေးဖွားလာသော သမီးလေးအတွက် နာမည်ပေးရန် မစဉ်းစားရသေးကြောင်း၊ မိမိအနေနှင့် ရုပ်ရှင်ဗီဒီယိုများတွင် ဖခင်ဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ဖူးသော်လည်း လက်တွေ့ဖခင်ဘ၀သို့ ရောက်ရှိလာသည့်ခံစားမှုမှာ ထုတ်ဖော်ပြောဆိုမပြနိုင်လောက်အောင် ကြည်နူးပီတိဖြစ်ရကြောင်း 7 Day Newsဂျာနယ်အား ပြောပြသွားသည်။ ထို့ပြင် မိမိအနေနှင့် သမီးလေးရရှိပြီး နောက်ထပ်သားလေးတစ်ဦး ရရှိနိုင်ရန် မျှော်လင့်မိကြောင်း ၀န်ခံခဲ့သည်။ လူမင်းနှင့် ဇနီးဖြစ်သူ ခင်စံပယ်ဦးတို့၏ သမီးလေးသည် မွေးဖွားချိန်တွင် ကိုယ်အလေးချိန် (၆)ပေါင်(၁၂)အောင်စရှိကြောင်း သိရှိရသည်။ လူမင်းက သတ်မှတ်ရက်ထက် (၃)ပါတ်မျှ စောပြီးမွေးဖွားခဲ့သော်လည်း မိခင်ရောကလေးပါ ကျန်းမာရေးကောင်းသည်ဟုဆိုသည်။

လူမင်းတို့ဇနီးမောင်နှံသည် (၂၀၀၄)ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့က လက်ထပ်ခဲ့ကြသည်။ လက်ရှိအချိန်တွင် လူမင်းသည် “၀ါဆိုဖယောင်းတိုင်” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးအပြီး မိသားစုနှင့်အတူ (၁၀)ရက်ခန့်အနားယူလျက်ရှိသည်။ ထို့ပြင် ဒါရိုက်တာဥာဏတင်စိုး ရိုက်ကူးမည့် “ရက်လည်”အမည်ရှိ ဇာတ်ကားသစ်အား ပန်းဖြူ၊ မိုးဟေကိုတို့နှင့် တွဲဖက်ပြီးရိုက်ကူးရန် စီစဉ်နေကြောင်း 7 Day Newsတွင် ရေးသားဖော်ပြထားသည်။
Ref: 7Day News (Vol. 7, No. 28)