ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပြတိုက်တစ်ခုတွင် နာမည်ကျော် ဗြိတိသျှမော်ဒယ်လ်ကိတ်မော့စ်၏ ပုံတူရွှေသားရုပ်တုတစ်ခုအား ပြသထားကြောင်း သိရှိရသည်။ တန်ဖိုးပေါင်(၁.၅)သန်းခန့် ကျသင့်မည့် အဆိုပါရုပ်တုသည် ရွှေစင်ရွှေသားအစစ်ဖြင့် သွန်းလုပ်ထားခြင်းဖြစ်ပြီး ကီလိုဂရမ်(၅၀)မျှ အလေးချိန်ရှိသည်။ အရုပ်အား ပြုလုပ်ထားခဲ့သော ဒီဇိုင်းပညာရှင် မက်ကွင်းက ၎င်းအနေနှင့် ကိတ်မော့စ် ယောဂကျင့်စဉ်တစ်ရပ် လေ့ကျင့်နေဟန်ဖြင့် သရုပ်ဖော်ထုလုပ်ထားခဲ့ကြောင်း ပြောကြားသွားသည်။

(စူပါမော်ဒယ်လ် ကိတ်မော့စ်)
Sirenဟု အမည်ပေးထားသော ကိတ်မော့စ်၏ ပုံတူပန်းပုရုပ်သည် ရှေးခေတ်အီဂျစ်အင်ပါယာလက်ထပ် ဖာရိုးဘုရင်များခေတ်နောက်ပိုင်း အကြီးမားဆုံး ရွှေသားရုပ်တုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ ကွင်းက ၎င်းအနေနှင့် ကိတ်မော့စ်ရုပ်တုအတွက် အစိတ်အပိုင်းများကို ပြတိုက်အတွင်း တစ်နေရာစီတွင် ပြုလုပ်ခဲ့ရသည်ဟုဆိုသည်။ ထိုရုပ်တုကို ပြတိုက်အတွင်း ရှေးခေတ်ဂရိမိန်းမချောများ၏ ရုပ်တုများနှင့်အတူ ထားရှိမည်ဖြစ်ပြီး ပြတိုက်ဝန်ထမ်းများက ကိတ်မော့စ်ရုပ်တုအား ယနေ့ခေတ်၏ အပရိုဒိုက် အလှနတ်သမီးဟု တင်စားညွှန်းဆိုနေကြသည်။ ကွင်းက ၎င်းပုံဖော်စိတ်ကူးထားသော ကိုယ်နေဟန်ထားမျိုး လက်တွေ့ဘ၀တွင် ကိတ်မော့စ်အနေနှင့် နေနိုင်မည်မထင်ကြောင်း ရယ်မောပြောဆိုခဲ့သည်။

(ရုပ်တုနှင့်အတူတွေ့ရသည့် ဒီဇိုင်းပညာရှင် မက်ကွင်း)
ထိုရုပ်တုကို အောက်တိုဘာလ(၄)ရက်နေ့မှ နောက်နှစ် ဇန်န၀ါရီလ(၅)ရက်နေ့အထိ အများပြည်သူအား ခင်းကျင်းပြသထားမည်ဟု သိရှိရသည်။ မက်ကွင်းသည် နာမည်ကြီးဒီဇိုင်းပညာရှင်တစ်ဦးဖြစ်ပြီး နာမည်ကျော်များ၏ ပုံတူရုပ်တုများကို ထုဆစ်ပုံဖော်ပေးခဲ့ဖူးသည်။ မက်ကွင်းက ၎င်း၏လက်ရာ ကိတ်မော့စ်ရုပ်တုအား လူအများသဘောကျ နှစ်ခြိုက်လိမ့်မည်ဟု ယုံကြည်မိကြောင်း သတင်းထောက်များကို ပြောကြားသွားသည်။
Source: BBC