ရင်ခုန်သံသွေးလှူရှင်အသင်း၏ နဝမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ
ရင်ခုန်သံသွေးလှူရှင်အသင်းမှ စီစဉ်ကျင်းပသည့် န၀မအကြိမ်မြောက် သွေးလှူရှင်အသင်း စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ လပြည့်ဝန်းပလာဇာ (၁၀)ထပ်တွင် အောက်တိုဘာလ (၄)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ စုပေါင်းသွေးလှူဒါန်းပွဲသို့ စေတနာရှင် သွေးလှူရှင်(၁၀၀)ကျော် လာရောက်လှူဒါန်းခဲ့ကြသည်။ စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီး၊ အမျိုးသားသွေးဌာနမှ ဆရာမကြီး ဒေါက်တာဒေါ်သီတာအောင်နှင့်အဖွဲ့ကလည်း စေတနာထက်သန်စွာနှင့် ပါဝင်ကူညီခဲ့ကြပြီး Mega Company မှလည်း Ferrovit (သံဓါတ်) ဆေးဝါးများကို ပါဝင်ကုသိုလ်ယူပြီး လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ ရင်ခုန်သံသွေးလှူရှင်အသင်းသည် သွေးအမှန်တကယ် လိုအပ်နေသော လူနာများအတွက် ရည်ရွယ်ပြီးဖွဲ့စည်းထားသည့် လူမှုရေးအသင်းအဖွဲ့တစ်ခုဖြစ်ပြီး လူမှုရေးဆောင်ရွက်ချက်များတွင် စေတနာအပြည့်နှင့် ပါဝင်ကူညီနေခြင်းဖြစ်သည်။ လာရောက်သွေးလှူဒါန်းကြသော စေတနာရှင်များကလည်း သွေးလှူပွဲ မစတင်မီကတည်းကပင် ကြိုတင်ရောက်ရှိနေခဲ့ကြောင်း သိရှိရသည်။ “သွေးဆိုတာ တခြားဘာပစ္စည်းနဲ့မှ အစားထိုးလို့ မရပါဘူး။ နောက်ပြီး ဘ၀တစ်ခုရှင်သန်ဖို့ အရမ်းအရေးကြီးတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။

အဲဒီသွေးကို အမှန်တကယ်လိုအပ်နေတဲ့ လူနာတစ်ယောက်အတွက် ကိုယ့်ခန္ဓာကိုယ်ထဲကနေ ဖောက်ထုတ်လှူဒါန်းပေးတဲ့ဒါနဟာ ဘယ်လောက်တောင်မှ မွန်မြတ်မလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်၊ ကျွန်တော်ဆို ပြီးခဲ့တဲ့ Myanmar Info-Tech စုပေါင်းသွေးလှူဒါန်းပွဲမှာ ငါးကြိမ်မြောက် သွေးလှူဖြစ်ခဲ့ပါတယ်၊ နှစ်လတာကာလပဲ ရှိသေးတာမို့ လှူခွင့်မရသေးတာတောင် ဒီလိုစုပေါင်းသွေးလှူဒါန်းပွဲကို မြင်ရတာနဲ့ လှူချင်နေမိတာ”ဟု ရင်ခုန်သံသွေးလှူရှင်အသင်းမှ အတွင်းရေးမှူး ကိုပက်ထရစ်က Planet သို့ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အသင်းအနေနဲ့ သန့်စင်သောသွေးပုလင်းအရေအတွက် များများရရှိချင်ပေမယ့် အဓိကဦးစားပေးတာက စဉ်ဆက်မပြတ်လှူဒါန်းပေးသွားကြမည့် သွေးလှူရှင်ရဲ့ ကျန်းမာရေး မထိခိုက်ဖို့နဲ့ သွေးလိုအပ်နေတဲ့လူနာအတွက် ပြည့်ဝသန့်စင်သောသွေးဖြစ်ဖို့လိုပါတယ်။ သွေးလှူဒါန်းမယ့် စေတနာရှင်ပုဂ္ဂိုလ်ကို သွေးမလှူခင်ကတည်းက တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ စနစ်တကျ စစ်ဆေးမှုတွေ ပြုလုပ်ပြီး စိတ်ချရမှသာ သွေးလှူရှင်ကို သွေးလှူဖို့ ခွင့်ပြုတာပါ။ အချို့ဆို Hemoglobin မပြည့်တာတို့၊ သွေးပေါင်ချိန်စံနှုန်းနဲ့ ကိုယ်အလေးချိန်မပြည့်တာတို့၊ နောက်ပြီးတခြားပြဿနာလေးတွေ ရှိနေတတ်တာမျိုးတို့ကြောင့် သွေးလှူချင်ပေမယ့် မလှူရဘဲ ပြန်သွားကြရပါတယ်။ အဲဒီလို အလှူရှင်တွေဆိုရင် ကျွန်တော်တို့တွေဘက်က စာရင်းပြုစုထားပြီး နောက်တစ်ကြိမ်သွေးလှူပွဲမှာ ပြန်ပြီး ဆက်သွယ်မှာပါ။ ဒါ့အပြင် ဒီလို လူမှုရေးသွေးလှူဒါန်းပွဲကို စိတ်ပါဝင်စားပြီး၊ ပူးပေါင်းပါဝင်ဆောင်ရွက်လိုကြသော လူငယ်လူရွယ် အသင်းသားသစ်များကို ဖိတ်ခေါ်ထားပါတယ်”ဟု ကိုပက်ထရစ်က ဆိုသည်။ ရင်ခုန်သံသွေးလှူရှင်အသင်း၏ စုပေါင်းသွေးလှူဒါန်းပွဲသို့ အရွယ်စုံ၊ လူတန်းစားစုံမှ သွေးလှူရှင်များ လာရောက်လှူဒါန်းကြသည်။ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေလည်း ပါသည်။ အသက်အရွယ် ကြီးရင့်သူတွေလဲပါသည်။ မိသားစုလိုက် လာရောက်ကြသူများလဲပါသည်။ မိတ်ဆွေ သူငယ်ချင်းများ စုပေါင်းပြီး လာရောက်လှူဒါန်းမှုများလည်းရှိသည်။ ထို့ပြင် သမီးရည်းစား လူငယ်စုံတွဲလေးအချို့လည်း စေတနာထက်သန်စွာဖြင့် လာရောက် သွေးလှူဒါန်းကြသည်။
“သွေးလာလှူတဲ့လူတွေက တကယ့်ကို စေတနာသဒ္ဓါတရားအပြည့်နဲ့ လာလှူကြတာပါ။ သူတို့ကိုကြည့်ပြီး အရမ်းကို ကြည်နူးရပါတယ်” ဟု သွေးလှူဒါန်းပွဲတွင် ပါဝင်ကူညီပေးနေသော လူငယ်ဝန်ထမ်းမိန်းကလေးတစ်ဦးက Planet သို့ ပြောကြားခဲ့သည်။ သွေးလှူရှင်တစ်ဦးကမူ မိမိ၏မွေးနေ့နှင့် ကြုံကြိုက်တိုက်ဆိုင်နေသောကြောင့် လာရောက်လှူဒါန်းခြင်းဖြစ်သည်ဟု ပြောပြသွားခဲ့သည်။ “ကိုယ့်သွေးနဲ့ သူတစ်ပါးအသက်ကို ကယ်တင်ခွင့်ရမယ်ဆိုရင် တကယ့်ကို ကျေနပ်စရာဖြစ်မှာပါ”ဟု အဆိုပါစေတနာရှင် ပုဂ္ဂိုလ်ကဆိုသည်။ သွေးလှူဒါန်းချိန်သည် ပျမ်းမျှအားဖြင့် (၅)မိနစ်ခန့် ကြာမြင့်တတ်ကြောင်း၊ သွေးလှူဒါန်းမှုပြီးစီးပါကလည်း သွေးလှူရှင်အတွက် အာဟာရဖြည့်တင်းရန် အစားအသောက်များ ကြိုတင်စီမံထားကြောင်း သိရှိရသည်။ သွေးလှူပွဲတွင် ရင်ခုန်သံသွေးလှူရှင်အသင်းမှ Volunteer အဖွဲ့ဝင်များ၊ Inforithm-Maze မှ ၀န်ထမ်းများ၊ လာရောက်ကူညီသော ကျန်းမာရေးဝန်ထမ်းများအားလုံး သွေးလှူရှင်များအား လိုအပ်သောအကူအညီများပေးပြီး လစ်ဟင်းမှုမရှိအောင် ဆောင်ရွက်ပေးခဲ့သည်။ “သူတို့က စေတနာအပြည့်နဲ့ သွေးလာလှူကြတာလေ။ ကျွန်မတို့အနေနဲ့ အလှူရှင်တွေ စိတ်ကွက်သွားမှာ၊ တစ်ခုခုအဆင်မပြေဖြစ်သွားတာမျိုး လုံးဝမဖြစ်စေချင်ဘူး။ သူတို့ရဲ့ မွန်မြတ်တဲ့ အလှူဒါနအတွက် အလှူရှင်တွေ အပြည့်အ၀ကျေနပ်ဝမ်းမြောက်နေတာကြည့်ပြီး ကျွန်မတို့တွေအားလုံး မုဒိတာပွားမိကြပါတယ်”ဟု Inforithm-Maze မှ မကေသွယ်နှင်းက ပြောကြားခဲ့သည်။

ရင်ခုန်သံသွေးလှူရှင်အသင်း၏ သွေးလှူဒါန်းပွဲအခမ်းအနားသည် နံနက်(၉း၀၀)တွင် စတင်ခဲ့ပြီး နေ့လည်(၁၂း၀၀) ကျော်ကျော်ခန့်တွင် ပြီးစီးခဲ့သည်။ သွေးလှူဒါန်းပွဲမှ သွေးအမျိုးအစားမျိုးစုံ ပုလင်းပေါင်း (၇၁)ပုလင်းရရှိပြီး ၄င်းသွေးပုလင်းများကို ရန်ကုန်ဆေးရုံကြီး၊ အမျိုးသားသွေးဌာနသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။ လူ့ခန္ဓာကိုယ်တွင် အရေးပါဆုံး အသက်ဓာတ်ဖြစ်သော မိမိ၏သွေးစက်များဖြင့် သူတစ်ပါး၏အသက်ကို ကယ်တင်ခွင့်ရခြင်းသည် နတ်လူသာဓုခေါ်မည့် အလွန်မွန်မြတ်သော အလှူဒါနတစ်ခုဖြစ်ပါသည်။ သွေးလိုအပ်နေသော ရောဂါဝေဒနာရှင်များအတွက် ရင်ခုန်သံသွေးလှူရှင်အသင်းသို့ ဖုန်းနံပါတ်(၂၄၃၅၄၂)နှင့် ၀က်ဘ်ဆိုက်လိပ်စာ (www.myanmarblooddonation.com/yinkhonethan)တို့မှတဆင့် ဆက်သွယ်တောင်းခံနိုင်ကြောင်း သိရှိရသည်။ ရင်ခုန်သံသွေးလှူရှင်အသင်းအနေနှင့် နှစ်လတစ်ကြိမ် သွေးလှူဒါန်းပွဲ အခမ်းအနားများ စီစဉ်သွားကြောင်း သိရှိရပြီး၊ ဒဿမအကြိမ်မြောက် သွေးလှူဒါန်းပွဲကို (၆-၁၂-၂၀၀၈ - ဒီဇင်ဘာလ၏ ပထမပတ် စနေနေ့) တွင် ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေရှိ Myanmar Info-Tech အဆောက်အအုံတွင် ပြုလုပ်ကျင်းပသွားဦးမည်ဟု သတင်းရရှိသည်။