အောက်တိုဘာလ(၆)ရက်နေ့က သီရိလင်္ကာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲမှုတစ်ခုအတွင်း သေဆုံးသူဦးရေမှာ (၂၆)ဦးထိရှိလာပြီဖြစ်ဖြစ်ပြီး နိုင်ငံရေးသမားအချို့လည်း ပါဝင်ကြောင်း သီရိလင်္ကာအာဏာပိုင်များက ပြောကြားသွားသည်။ မူလက ပေါက်ကွဲမှုအတွင်း လူ(၂၂)ဦးသေဆုံးကြောင်း ဖော်ပြထားသည်။ မနက်ပိုင်းကဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူများတွင် သီရိလင်္ကာတပ်မတော်မှ အငြိမ်းစားဗိုလ်ချုပ်ကြီးတစ်ဦး ပါဝင်ကြောင်းလည်း သတင်းများရရှိသည်။

(အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားသည့်နေရာ)
ဗိုလ်ချုပ်ကြီး ဂျနတ်ကာပီရာရာသည် လက်ရှိသီရိလင်္ကာ၏ အင်အားအတောင့်တင်းဆုံး အတိုက်အခံပါတီ၏ နယ်မြေအကြီးအကဲတစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်နေသူလည်းဖြစ်သည်။ သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘိုမှ မြောက်ဘက် ကီလိုမီတာ(၂၀၀)ခန့်ရှိ အနျူရတ်ဟာပူရာမြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအတွင်း နောက်ထပ်လူ(၈၀)ကျော် ဒဏ်ရာရရှိခဲ့သေးသည်။ အဆိုပါတိုက်ခိုက်မှုသည် အစိုးရအား အကြမ်းဖက်ဆန့်ကျင်နေသော တမီးလ်ကျားသူပုန်များ၏ လက်ချက်ဖြစ်ကြောင်း သီရိလင်္ကာအစိုးရက ထုတ်ပြန်ကြေငြာခဲ့သည်။ တမီးလ်သူပုန်များသည် အစိုးရအားအတိုက်အခံပြုလုပ်လာသည်မှာ (၂၅)နှစ်မျှ ကြာမြင့်နေပြီဖြစ်ပြီး ယခုတစ်ကြိမ်ဗုံးခွဲမှုမှာ အတော်ဆိုးရွားကြောင်း သီရိလင်္ကာစစ်ဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် ယခုပေါက်ကွဲမှုမှာ အသေခံလုပ်ကြံမှုဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့ကြသည်။

(ဒဏ်ရာရရှိသူများအားတွေ့ရစဉ်)
လက်ရှိအနေအထားတွင် သီရိလင်္ကာအစိုးရအနေနှင့် တမီးလ်ကျားသူပုန်များထံမှ နောက်ထပ်တိုက်ခိုက်မှုများ ဖြစ်မလာနိုင်စေရေး အရေးပေါ်အစီအမံများ ပြုလုပ်သွားရန် ပြင်ဆင်လျက်ရှိသည်။ အဆိုပါအသေခံဗုံးခွဲမှုသည် တမီးလ်ကျားသူပုန်များ၏ စစ်အခြေစိုက်စခန်းတစ်ခုအား အစိုးရကအောက်တိုဘာ(၅)ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ခြင်းအပေါ် လက်တုန့်ပြန်လိုက်ခြင်းဖြစ်ဖွယ်ရှိသည်။ တမီးလ်လက်နက်ကြီးပစ်ကူ စစ်စခန်းတစ်ခုအား မဟာဗျူဟာ ဂျက်လေယာဉ်များနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့အပြီး အစိုးရမြေပြင်တပ်များကပါ ထိုးစစ်ဆင်နွှဲခဲ့ကြောင်း၊ သူပုန်(၁၇)ဦးသေဆုံးပြီး (၃၀)ဒဏ်ရာရရှိကြောင်း၊ စစ်သည်တစ်ဦးကျဆုံးခဲ့ပြီး (၈)ဦးဒဏ်ရာရရှိကြောင်း၊ စစ်ဆင်ရေးတစ်ရပ်လုံး အောင်မြင်ခဲ့ကြောင်း အစိုးရကကြေငြာခဲ့အပြီး နောက်တစ်နေ့တွင်ပင် ယခုတိုက်ခိုက်မှုကြီး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရရှိသည်။
Source: Dailymail