မန်ချက်စတာယူနိုက်တက်အသင်းမှ အာဂျင်တီးနား လက်ရွေးစင်တိုက်စစ်မှူး ကားလို့စ်တီဗက်စ်က လက်ရှိအသင်းတွင်ပါဝင်နေသော မိမိ၏အနေအထားအတွက် စိတ်အနှောင့်အယှက်ဖြစ်မိကြောင်း ၀န်ခံခဲ့သည်။ တီဗက်စ်သည် ၀က်စ်ဟမ်းအသင်းမှ မန်ချက်စတာယူနိုက်တက်သို့ နှစ်နှစ်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့အပြီး ပေါင်(၃၂)သန်းနှင့် အပြီးသတ် ပြောင်းရွှေ့ရေး သဘောတူစာချုပ် ချုပ်ဆိုသွားရန် ညှိနှိုင်းထားပြီးဖြစ်သည်။ ယမန်နှစ်က ဥရောပ ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ဆုဖလားများ ရယူရာတွင် မန်ချက်စတာ ယူနိုက်တက်အတွက် အထူးခြေစွမ်းပြခဲ့သော တီဗက်စ်အနေနှင့် ၎င်းအား မန်ချက်စတာ ယူနိုက်တက်မှ အဘယ်ကြောင့် အပြီးသတ်စာချုပ် ချုပ်ဆိုခြင်းမရှိသေးသည်ကို နားမလည်နိုင်ကြောင်း ပြောကြားခဲ့သည်။ ယခုနှစ် ဘောလုံးရာသီ မစတင်မီက မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်း၏ တောင်အာဖရိက ခြေစမ်းပွဲများအပြီးတွင် တီဗက်စ်အား အမြဲတမ်းစာချုပ် ချုပ်ဆိုသွားမည်ဟု အသင်းဥက္ကဌ ဒေးဗစ်ဂီးလ်က ကြေညာခဲ့သော်လည်း လက်တွေ့တွင်မူ အဆိုပါကိစ္စမှာ ပြီးပြတ်ခဲ့ခြင်းမရှိသေးချေ။ ထို့နောက်တွင်မူ မန်ချက်စတာယူနိုက်တက်က တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဒီမီတာ ဘာဘာတော့ဗ်အား ပေါင်(၃၁)သန်းနှင့် ၀ယ်ယူခဲ့သလို ကျောနံပါတ်(၉)အင်္ကျီကိုပါ ၀တ်ဆင်ခွင့်ပေးခဲ့သောကြောင့် တီဗက်စ်၏ အနေအထားမှာ မသေချာသကဲ့သို့ဖြစ်လာသည်။ ထို့ကြောင့် တီဗက်စ်၏အေးဂျင့်ဖြစ်သူက မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့အား ၄င်း၏ ကစားသမားအတွက် အပြီးသတ်ဝယ်ယူမှု ပြုလုပ်သွားရန် တောင်းဆိုလျက်ရှိသည်။ မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဖာဂူဆန်ကမူ ကားလို့စ်တီဗက်စ်သည် မန်ချက်စတာ ယူနိုက်တက်အတွက် အရေးအပါဆုံး ကစားသမားတစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ချီးကျူးလိုက်ပြီး ယခုနှစ် ဘောလုံးရာသီမကုန်မီ အပြီးသတ် စာချုပ်သွားမည်ဖြစ်ကြောင်း၊ တီဗက်စ်အနေနှင့် မန်ချက်စတာအတွက် သက်တမ်းရှည် ကစားသမားတစ်ဦး ဖြစ်လာမည်ဆိုသောအချက်မှာ သံသယဖြစ်စရာ မရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
Source: Dailymail