Guest. It's 05:39 AM - Myanmar time. Register or Login | Download Myanmar Font 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ပရိသတ်အားပေးမှုနှင့်အတူ မြန်မာအသင်း ဗိုလ်လုပွဲတက်ရောက်ပြီ
Posted on Nov 19 08 - 09:16 AM | Hits : 741 | Save as PDF

မြန်မာ့လက်ရွေးစင်အသင်းသည် အသင်းခေါင်းဆောင် စိုးမြတ်မင်း၏ ခြေစွမ်းပြဂိုးများနှင့်အတူ မလေးရှားအသင်းကို အနိုင်ယူပြီး Grand Royal Challenge Cup 2008ပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။ နိုဝင်ဘာလ (၁၈)ရက်နေ့ ညနေ(၃)နာရီက ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ခဲ့သော Grand Royalအကြိုဗိုလ်လုပွဲတွင် မြန်မာက မလေးရှားကို (၄)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယခုနှစ်အတွင်း မြန်မာအသင်းအနေနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဗိုလ်လုပွဲထိ တက်ရောက်နိုင်ခြင်း မရှိခဲ့သည့် အစဉ်အလာကို ချေဖျက်နိုင်ခဲ့ပြီဖြစ်သည်။ ယခုပွဲတွင် မြန်မာအသင်းသည် ယခင်ပွဲစဉ်များထက် ပိုမို ခြေစွမ်းပြနိုင်ပြီး အချိတ်အဆက်မိမိ တိုက်စစ်ဆင်သွားသဖြင့် ပရိသတ်များက တခဲနက်အော်ဟစ် အားပေးခဲ့ကြသည်။ အထူးတန်းပွဲကြည့်စဉ် အပြည့်နီးပါး လာရောက်ကြည့်ရှု အားပေးခဲ့သော မြန်မာပရိသတ်သည် မြန်မာ့လက်ရွေးစင်အသင်း၏ အောင်ပန်းဆင်မှုအတွက် အဓိကတွန်းအားတစ်ရပ် ဖြစ်လာခဲ့ပြီး မြန်မာပရိသတ်သည် အိုးစည်ဗုံမောင်းများ တီးပြီး မြန်မာအသင်းအား ပွဲစဉ်တလျှောက်လုံး အော်ဟစ်အားပေးသွားခဲ့သည်။ တိုက်စစ်မှူး ရန်ပိုင်ဒဏ်ရာရနေသော်လည်း မြန်မာအသင်း၏ ထိုးစစ်ကို ကျော်သီဟက အကောင်းဆုံး ဦးဆောင်သွားခဲ့နိုင်သလို မလေးရှားမှာ အိမ်ရှင်မြန်မာအသင်းကို အဘက်ဘက်မှ မယှဉ်နိုင်ခဲ့ပေ။



(အကောင်းဆုံးဆုရ စိုးမြတ်မင်း)

မြန်မာအတွက် အသင်းခေါင်းဆောင် စိုးမြတ်မင်းက ပထမပိုင်းမှာပင် နှစ်ဂိုးသွင်းယူထားနိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် မလေးရှားဘက်မှ ဇိုင်နယ်က ချေပဂိုးတစ်ဂိုး ပြန်သွင်းနိုင်ခဲ့သဖြင့် မလေးရှားတို့ စိတ်ဓာတ်တက်လာပြီး မြန်မာဘက်သို့ ပြန်လည်ထိုးဖောက်လာခဲ့သေးသည်။ သို့သော်လည်း မြန်မာဘယ်တောင်ပံ တိုက်စစ်သမား မျိုးမင်းထွန်း၏ မိနစ်(၇၀)သွင်းဂိုးက မလေးရှားတို့၏ အားထုတ်မှုကို အဆုံးသတ်သွားစေခဲ့သည်။ ပွဲပြီးကာနီး နောက်ဆုံးမိနစ်တွင်မူ အောင်ကျော်မိုးက မြန်မာအသင်းအတွက် အပိတ်ဂိုးကို ရယူပေးခဲ့သည်။ တိုက်စစ်မှူး ကျော်သီဟက တစ်ဂိုးသွင်းခဲ့သော်လည်း ဒိုင်လူကြီးက လူကျွံဘော သတ်မှတ်ထားသဖြင့် ဂိုးမရခဲ့ပေ။ မြန်မာအသင်းအတွက် နှစ်ဂိုးသွင်းပေးသူု အသင်းခေါင်းဆောင် စိုးမြတ်မင်းက ယခုပွဲစဉ်၏ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိသွားသည်။ မြန်မာအသင်းနည်းပြ မားကို့စ်ဖလော်ပါက မာဒေးကားဖလား အကြိုဗိုလ်လုပွဲတွင် မလေးရှားအား ရှုံးနိမ့်ထားသည့် ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့သဖြင့် ကျေနပ်မိကြောင်း၊ မြန်မာတစ်သင်းလုံး အကောင်းဆုံး ကစားသွားနိုင်ပြီး ပရိသတ်များ၏ အားပေးမှုအပေါ် ကျေးဇူးတင်မိကြောင်း၊ ဗိုလ်လုပွဲတွင် ယခုထက် ပရိသတ်ပိုမို များပြားလာမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားသွားသည်။



(အသင်းခေါင်းဆောင် စိုးမြတ်မင်း၏ ဂိုးသွင်းယူမှု)

မြန်မာအသင်း၏ ခြေစွမ်းကို ပြိုင်ဘက်မလေးရှား နည်းပြ ဆာသီနာရသန်ကလည်း ချီးကျူးခဲ့ပြီး ၎င်းတို့အသင်းမှ အဓိက ကစားသမားနှစ်ဦး ထိခိုက်ဒဏ်ရာကြောင့် မပါနိုင်ခြင်းက အသင်းအတွက် အားနည်းစေခဲ့ကြောင်း ၀န်ခံခဲ့သည်။ ထို့ပြင် အာဆီယံ ဆူဇူကီးပြိုင်ပွဲတွင်လည်း မြန်မာအသင်းနှင့် မတွေ့ဆုံချင်ကြောင်း ပြောကြားသွားခဲ့သည်။ မြန်မာအသင်းအနေနှင့် နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ယှဉ်ပြိုင်မည့် ကိုရီးယားကလပ် အူလ်ဆန်ဟွန်ဒိုင်းနှင့် အင်ဒိုနီးရှား လက်ရွေးစင်အသင်းတို့မှ အနိုင်ရမည့်အသင်းနှင့် ဗိုလ်လုရတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ Grand Royal Challenge Cup 2008 ဗိုလ်လုပွဲကို နိုဝင်ဘာလ (၂၁)ရက်နေ့ ညနေ(၃)နာရီတွင် သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

Ref: မြန်မာ့အလင်း

Photo: ကြေးမုံ

No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.