အီဂျစ်ထိပ်တန်း မနုဿဗေဒပညာရှင် ဇာဟီဟားဝက်စ်သည် လွန်ခဲ့သော နှစ်ပေါင်း(၄၃၀၀)က ပိရမစ်တစ်ခုအား ရှာဖွေတွေ့ရှိခဲ့သည်။ အီဂျစ်နိုင်ငံတော်ဟောင်းမှ ဆဌမမြောက် မင်းဆက်၏ လက်ရာဖြစ်နိုင်သော အဆိုပါ ပိရမစ်ကြီးကို ဆက်ကွာရာအရပ်တွင် တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရှေးခေတ် မမ်းဖစ် အုပ်ချုပ်သူ လူတန်းစား၏ အမွေအနှစ်တစ်ရပ်အဖြစ် ဟားဝက်စ်က မှတ်တမ်းတင်ခဲ့ပြီး အီဂျစ်ဆဌမမြောက် ဘုရင်မင်းမြတ် တီတီ၏ မိခင်ကြီး ဆက်ဆီရှက်အား မြှုပ်နှံထားသော ပိရမစ်ကြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကိုင်ရိုမှ တောင်ဘက်(၁၂)မိုင်အကွာရှိ အဆိုပါပိရမစ် တည်ရှိရာ နေရာအား စနစ်တကျ တူးဖော်ခဲ့ရာတွင် ခန်းမဆောင်များနှင့် ဆေးရည်စိမ် ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း သိရသည်။ ဖာရိုးဘုရင်၏ မိဖုရားငယ်နှစ်ပါးကိုလည်း အဆိုပါပိရမစ်အနီးတွင် မြှုပ်နှံခဲ့ဖွယ်ရှိကြောင်း ဟားဝက်စ်ကဆိုသည်။ ၎င်းတို့သည် နှစ်နှစ်ကြာမျှ စူးစမ်းရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သောနှစ်လကမှ ယခုပိရမစ်ကြီးအား တွေ့ရှိခဲ့ကြောင်း၊ အဆိုပါပိရမစ်သည် သက်တမ်း (၄၃၀၀)ကျော်မျှ ရှိနေပြီဟု အတည်ပြုနိုင်ပြီဖြစ်ကြောင်း ဟားဝက်စ်က နိုဝင်ဘာလ (၁၂)ရက်နေ့တွင် ကြေညာခဲ့သည်။ ယခုတွေ့ရှိသော ပိရမစ်သည် အီဂျစ်နိုင်ငံသမိုင်းတွင် (၁၁၈)ခုမြောက် တွေ့ရှိခဲ့သော ပိရမစ်ဖြစ်လာခဲ့ပြီး ၎င်းသည် မြေကြီးအောက် မီတာ(၂၀)တွင် နစ်မြုပ်နေခဲ့ကြောင်း ဟားဗက်စ်က ရှင်းလင်းပြောကြားခဲ့သည်။

Source: DailyMail