မြန်မာနိုင်ငံအတွင်း ရောင်းချနေသည့် ဆေးဝါးဈေးကွက်တွင် ပဋိဇီဝဆေးတစ်မျိုးဖြစ်သည့် Ampicillin ဆေးအတုများ တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ သတင်းထုတ်ပြန်ချက် အပြည့်အစုံကို နိုဝင်ဘာ(၁၉)ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် အောက်ပါအတိုင်း ရေးသားဖော်ပြထားသည်။ ဈေးကွက်များတွင် ထုတ်လုပ်သူကုမ္ပဏီအမည်ဖော်ပြထားခြင်းမရှိသည့် Media in R.P.C ဟုဖော်ပြထားသော “KAV Ampicillin BP 250mg Capsule ” ဆေးအတု ရောင်းချနေကြာင်း စစ်ဆေးတွေ့ရှိရပါသည်။ ဈေးကွက်မှ ရရှိသည့် အဆိုပါ “KAV Ampicillin BP 250mg Capsule ” မှာ မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်ထားခြင်း မရှိပါကြောင်းနှင့် ဆေးဘူးခွံမှာ သေသပ်ခိုင်မာခြင်း မရှိပါကြောင်း တွေ့ရှိရပါသည်။ အဆိုပါဆေးကို ဓါတ်ခွဲစမ်းသပ်ရာတွင် ဆေးဝါးအာနိသင်“လုံးဝ” (လုံးဝ) မပါရှိပါကြောင်း ဆေးဝါးအတုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆေးဝါးအတု၊ စံမညီဆေးဝါးများကို မှီဝဲသောရောဂါဝေဒနာရှင်များသည် စရိတ်များစွာ ကုန်ကျသည့်အပြင် မိမိတို့ ခံစားနေရသော ရောဂါများ ပျောက်ကင်းခြင်း(လုံးဝ) မရှိဘဲ ပိုမိုဆိုးရွားသော အခြေအနေကို ဆိုက်ရောက်နိုင်ပါသည်။ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ ရောင်းချခြင်း လုံးဝမပြုပါရန်နှင့် စစ်ဆေးဖော်ထုတ် တွေ့ရှိရပါက အမျိုးသားဆေးဝါးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။ (ကျန်းမာရေးဝန်ကြီးဌာန)
Ref: ကြေးမုံ