ဂျာမနီနိုင်ငံ၏ အထင်ရှား၊ အကျော်ကြားဆုံး သူဌေးကြီးတစ်ဦးဖြစ်သူ အဒေါ့ဖ်မာကယ်လ်သည် စတော့ဈေုးကွက်အတွင်း ရှယ်ယာဈေးနှုန်းများ ကျဆင်းနေမှုကြောင့် စတာလင်ပေါင် (၁)ဘီလျံမျှ အရှုံးပေါ်နေမှုအား ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဖြင့် ဖြေရှင်းရန် ရွေးချယ်သွားခဲ့သည်။ ရထားတစ်စင်းအောက်သို့ ခုန်ဝင်ပြီး သေကြောင်းကြံခဲ့သော ပုဂ္ဂိုလ်မှာ ဂျာမန်သား ကမ္ဘာကျော် ကုဋေကြွယ် သူဌေးကြီး မာကယ်လ်ဖြစ်ကြောင်း ဘာလင်ရဲများက ဖော်ထုတ်နိုင်ခဲ့သည်။ Credit Cardအရှုပ်အထွေးများမှ စတင်ခဲ့သည့် ကမ္ဘာ့ငွေကြေး ဂယက်များကြောင့် မာကယ်လ်၏ စီးပွားရေး အင်ပါယာကြီးမှာ ပြီးခဲ့သောလအတွင်း ဆိုးဆိုးရွားရွား ကျဆင်းခဲ့ပြီး ရှယ်ယာရှင် တစ်သိန်းကျော်တို့က အဆိုပါအခြေအနေအတွက် မာကယ်လ်အား ၀ိုင်းဝန်းအရေးဆိုခဲ့ကြခြင်းကြောင့် အသက်(၇၄)နှစ်ရှိ သူကြွယ်ကြီးမှာ ယခုလို ထွက်ပေါက်ရှာသွားခြင်း ဖြစ်နိုင်ကြောင်း ရဲများက သုံးသပ်ပြောဆိုခဲ့ကြသည်။ ဂျာမနီအနောက်တောင်ပိုင်းရှိ မာကယ်လ်၏ စံအိမ်ကြီးတည်ရှိရာ ဘလာဘာရန်ကျေးရွာအနီး ရထားလမ်းတွင် ၎င်း၏ကြွင်းကျန် ရုပ်အလောင်းကို ဇန်န၀ါရီလ (၅)ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဆေးဝါးလုပ်ငန်းများ အပါအ၀င် စီးပွားရေး လုပ်ငန်းများစွာတွင် ရင်းနှီးမြှုပ်နှံထားသည့် မာကယ်လ်၏ ကြွယ်ဝမှု စုစုပေါင်းမှာ (၂၀၀၈)ခုနှစ် အစပိုင်းတွင် ဒေါ်လာ(၁၂.၈)ဘီလျံမျှ ရှိခဲ့သော်လည်း (၂၀၀၈)အကုန်တွင် ဈေးကွက်အရှုံးပေါ်မှုများကြောင့် ဒေါ်လာ(၉.၂)ဘီလျံမျှသာ ရှိတော့ကြောင်း စာရင်းများအရ သိရှိရသည်။ မာကယ်လ်သည် (၂၀၀၈)နိုဝင်ဘာလကုန်တွင် စတာလင်ပေါင် (၁)ဘီလျံ အရှုံးပြနေကြောင်း သိရှိလာကတည်းက စိတ်ကျရောဂါ စတင်စွဲကပ်ခဲ့ကြောင်း မိသားစုများက ပြောကြားခဲ့သည်။
Source: FT