ကလေးဘ၀က မြို့တော်တော်များများမှာ နေဖူးခဲ့သလို၊ နေလာခဲ့တဲ့ မြို့ တွေကိုလည်း ဇာတိမြေလိုပဲ သံယောဇဉ်ကြီးမားတယ်။ သူနေဖူးခဲ့သမျှမြို့ တွေဟာ သာယာပြီးတစ်မြို့ချင်းအလိုက် သူက ကြိုက်ပါတယ်လို့ပြော လာသူကတော့ ငယ်ငယ်က အတန်းထဲမှာ အမြဲတမ်း ပထမဆုတွေချည်းပဲ ရခဲ့ပြီး အင်ဂျင်နီယာကြီးဖြစ်ဖို့ ကြိုးစားခဲ့တဲ့ သရုပ်ဆောင်ပြေတီဦးပါ။ ပြေတီဦး ချစ်တဲ့မြို့တွေနဲ့ သူ့ရဲ့ငယ်ဘဝ အကြောင်းလေးက...။

(ငယ်စဉ်ကတည်းက အိုက်တင်အပြည့်နဲ့ ပြေတီဦး)
ကျွန်တော်က ရန်ကုန်မှာမွေးပြီး သုံးနှစ်သား အရွယ်လောက်မှာပဲ မုပ္ပလင်ဆိုတဲ့ မြို့လေးကိုစပြီးပြောင်းခဲ့တယ်။ မုပ္ပလင်ဆိုတာ ကျိုက်ထီးရိုးကိုသွားတဲ့ လမ်းဘေးနားမှာ ရှိတာပါ။ ကျွန်တော်တို့နေတဲ့အိမ်က တောင်ကုန်းပေါ်မှာရှိတာ။ ဘူတာနဲ့လည်း နီးတယ်။ အိမ်နားက ဘောလုံးကွင်းထဲမှာ မိုးရာသီဆိုရင် မိုးရေထဲမှာ ဖေဖေနဲ့အတူတူ ဘောလုံးကန်ခဲ့တာကိုလည်း မှတ်မိသေးတယ်။ ကျွန်တော် ဒုတိယတန်းအရွယ်မှာပဲ ဟင်္သာတဆိုတဲ့ မြို့ကိုပြောင်းရတယ်။ ဒီမြို့လေးက ပညာရေးကို အလေးထားတဲ့မြို့လေးပါ။ အဲဒီအချိန်တုန်းက နာမည်ကြီးချင်းကုန်းဆိုတဲ့ ဘော်ဒါဆောင်မှာလည်း နေခဲ့ရတယ်။ ဟင်္သာတမှာ ကျွန်တော်က ကျောင်းစာတွေ လုပ်ရတာထက် အားကစားဘက်ကိုလည်း အားသန်လာတယ်။ စားပွဲတင်တင်းနစ်၊ ကြက်တောင် စတာတွေလေ၊ အားကစားနဲ့ပတ်သက်ပြီး ဆုတွေလည်းရခဲ့တယ်။ ပညာရေးမှာတော့ သူငယ်တန်းကနေ စတုတ္ထန်းအထိ ပထမပဲ၊ အလယ်တန်းနဲ့ အထက်တန်းမှာတော့ တစ်ခါတစ်လေ ဒုတိယ၊တတိယရခဲ့တယ်။ တစ်နှစ်ကို အနည်းဆုံး ဆုငါးခုလောက်ထိရတယ်။ အိမ်ကညီမလေးက ကျွန်တော်ရဲ့ဆုတွေ သယ်ရလွန်းလို့ သူ့ကို နာမည်ပေးထားတယ်။ “ဆုသယ်”လို့လေ။ ဒါပေမယ့် ညီမလေးကလည်း စာတော်တယ်နော်။ ခုသူက ဆရာဝန်မကြီးဖြစ်နေပြီ။

(အင်ဂျီနီယာ သရုပ်ဆောင်ပြေတီဦး) (Photo: MyanmaePeople)
ကျွန်တော် ရှစ်တန်းအရွယ်လောက်မှာတော့ ရမည်းသင်းမြို့ကို ထပ်ပြီးပြောင်းရပြန်တယ်။ ဒီလို ပြောင်းနေရတာ ဖေဖေက ၀န်ထမ်းမို့လေ။ ရမည်းသင်းမှာလည်း နေရတာကောင်းပါတယ်။ ရမည်းသင်းကလူတွေက အရမ်းသဘောပြည့်ကြတာ။ ဘယ်တော့မှ မေ့တော့မှာမဟုတ်တဲ့ မြို့လေးပါပဲ။ ၁၀တန်းနှစ်မှာတော့ ကျွန်တော်ရန်ကုန်ကို ပြန်ရောက်နေပါပြီ။ စာတွေကြိုးစားပြီး ၁၀တန်းကို ဂုဏ်ထူးနဲ့အောင်ခဲ့ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ အင်ဂျင်နီယာကြီးဖြစ်ဖို့ နည်းပညာတက္ကသိုလ် တက်ခွင့်ရတယ်။ ရန်ကုန်နဲ့မန္တလေး နည်းပညာတက္ကသိုလ်တွေမှာ သူငယ်ချင်းတွေနဲ့ ပျော်ခဲ့တာတွေ၊ ခြေရာထပ်ခဲ့တာတွေ အမြဲသတိရဖြစ်တယ်။ အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ဖြစ်ခဲ့ပေမဲ့ ကျွန်တော်အခုတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေတယ်ဆိုပါတော့။ ဒါကလည်း ကိုယ်ဝါသနာပါခဲ့တာလေ။ နောက်တစ်ခုက နေခဲ့တဲ့မြို့တွေရဲ့ မေ့မရတဲ့ အစားအစာတွေလည်း ရှိသေးတယ်။ မုပ္ပလင်ကိုတော့ ငယ်သေးလို့ မမှတ်မိဘူး။ ဟင်္သာတကို ရောက်ရင်တော့ မုန့်ဟင်းခါးစားဖြစ်အောင်စား၊ တကယ်ကောင်းတာ၊ ကျွန်တော်တော့ ခုထိစားချင်တုန်းပဲ။ ရမည်းသင်းကတော့ တို့ဟူးကြော်၊ တို့ဟူးကြော်နဲ့ တွဲစားရတဲ့အချဉ်က သိပ်ကောင်းတာဗျ။ ချွေးတွေဘာတွေထွက်ပြီး ပူထူသွားတာပဲ။ ရမည်သင်းရောက်ခဲ့ရင် စားဖြစ်အောင်စားနော်။ ကဲ ကျွန်တော်နေခဲ့တဲ့ မြို့လေးတွေရဲ့ အကြောင်းကတော့ ဒီလောက်ပါပဲဗျာ။ နေခဲ့တဲ့မြို့တွေက သူငယ်ချင်းတွေ၊ ပရိသတ်တွေ၊ အပေါင်းအသင်းတွေကို ကျွန်တော်က တာဝန်ကျေအောင် ကြိုးစားနေပါတယ်။ လှိုက်လှိုက်လှဲလှဲ အားပေးသူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
Credit: အတာ(7Day News, Vol.8, No.14)