မကွေးFCအသင်းသည် ကမ္ဘောဇအား အရေးနိမ့်သွားခဲ့သည့်အတွက် ယခုနှစ် MNLဗိုလ်လုပွဲတွင် ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံတို့သာ တွေ့ဆုံရတော့မည်ဖြစ်သည်။ ထိုနှစ်သင်းသည် ဗိုလ်လုပွဲသို့ တက်ရောက်မည်ဟု MNLပြိုင်ပွဲ မစတင်မီကတည်းက ရေပန်းစားနေသော အသင်းများလည်းဖြစ်ပြီး ဇူလိုင်လ (၅)ရက်နေ့တွင် သုဝဏ္ဏကွင်းကြီးအတွင်း အကြိတ်အနယ် ယှဉ်ပြိုင်ဗိုလ်လုရပေတော့မည်။ ဇူလိုင်လ (၁)ရက်နေ့က MNLပြိုင်ပွဲ၏ နောက်ဆုံးအမှတ်ပေး ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ရာ ကမ္ဘောဇက မကွေးFCကို (၁-၀)ဖြင့် အနိုင်ယူသွားခဲ့သည်။ ယခုပွဲသည် ရှမ်းပြည်နယ် ကိုယ်စားပြု ကမ္ဘောဇအတွက် ဂုဏ်သိက္ခာပိုင်းအတွက်သာ ကစားခဲ့ရခြင်းဖြစ်ပြီး အနိုင်အရှုံးရလဒ်မှာ အရေးမပါတော့ပေ။
.jpg)
သို့သော်လည်း မကွေးကမူ ကမ္ဘောဇအား (၃)ဂိုးပြတ်ဖြင့် အနိုင်ရရှိမှ ဗိုလ်လုပွဲ တက်ရောက်ခွင့်ရမည်ဟူသော ဖိအားများကြောင့် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေခဲ့ရသည်။ မကွေးအတွက် အလွန်အရေးကြီးသည့် အဆုံးအဖြတ်ပွဲစဉ် ဖြစ်သည်နှင့်အညီ မကွေးပရိသတ် အမြောက်အမြား ရန်ကုန်ဆင်းလာပြီး လာရောက်အားသကဲ့သို့ ယခုပွဲတွင် ကမ္ဘောဇ အခြေမလှမှသာ ရန်ကုန်ယူနိုက်တက်အတွက် ဗိုလ်လုပွဲတက်ခွင့်ရရေး သေချာမည်ဖြစ်သဖြင့် ရန်ကုန်ပရိသတ် အမြောက်အမြား ကမ္ဘောဇကို လာရောက်အားပေးခဲ့ကြသည်။ ပွဲထွက်လူစာရင်းအဖြစ် မကွေးဘက်မှ ဒဏ်ရာရထားသူ တိုက်စစ်မှူး စည်သူဝင်း မပါသော်လည်း မျိုးကျော်အောင်(ဂိုး)၊ ညီညီဝင်း၊ ဇော်ထက်အောင်၊ အောင်မြင့်အေး၊ ပြည့်ဖြိုးဦး၊ လင်းလင်းထွေး၊ ၀င်းသူ၊ ခိုင်ဇော်ထွန်း၊ နိုင်လင်းထွန်း၊ စိုးမင်းနိုင်၊ ကျော်ကျော်မျိုးတို့ကို ခင်းကျင်းခဲ့ပြီး ကမ္ဘောဇကလည်း ကျော်ဇင်ထက်(ဂိုး)၊ ဟန်ဝင်းအောင်၊ အေးဆန်း၊ အောင်ကျော်ဦး၊ ဥာဏလွင်၊ ၀င်းမင်းထွဋ်၊ ခင်မောင်လွင်၊ နေဇော်ထက်၊ အောင်သန်းဝင်း၊ စိုးမင်းဦး၊ မိုးဝင်းတို့ကို ပွဲထုတ်ခဲ့သည်။ ပထမပိုင်း စတင်သည်နှင့် မကွေးအသင်းသည် ဂိုးရရှိရန် တစ်သင်းလုံး တိုက်စစ်ကို တင်ကစားခဲ့ပြီး ကမ္ဘောဇဘက်သို့ ထိုးဖောက်ခဲ့သည်။ အနိုင်အရှုံး အရေးမပါသော်လည်း ယခုပွဲတွင် ကမ္ဘောဇကလည်း ဂုဏ်သိက္ခာအတွက် ကြံ့ကြံ့ခံ ကစားခဲ့သဖြင့် စကတည်းက အကြိတ်အနယ် ရှိနေခဲ့သည်။ (၉)မိနစ်တွင် မကွေးမှ ကျော်ကျော်မျိုး ပထမဆုံး ကန်ခွင့်ရသော်လည်း လွချြော်ခဲ့သည်။ နောက်တစ်မိနစ် အကြာတွင်မူ မကွေးတိုက်စစ်မှူး စိုးမင်းနိုင် တောက်လျှောက်ဆွဲပြေးပြီး ရလာသော ဘောလုံးကို ဂိုးရှေ့ဖြတ်ပို့သင့်သော်လည်း ဂိုးရလိုစိတ်များပြီး လှမ်းကန်သဖြင့် အခွင့်အရေးကောင်းတစ်ခု အလဟဿ ဖြစ်သွားပြန်သည်။ (၁၄)မိနစ်တွင် အောင်မြင့်အေး အပိုင်ကန်သော်လည်း မကွေးခံစစ်က ဟန့်တားနိုင်ခဲ့သလို (၁၈)မိနစ်တွင် ၎င်းကပင် မကွေးအတွက် ဂိုးသွင်းခဲ့သော်လည်း လူကျွံဘော သတ်မှတ်ခံရသဖြင့် မကွေးတို့ နစ်နာခဲ့ရသည်။ တိုက်စစ်မှူး အောင်မြင့်အေးသည် ကမ္ဘောဇခံစစ်ကြောင်းကို အကြီးအကျယ် ဒုက္ခပေးနိုင်ခဲ့ပြီး (၂၄)မိနစ်တွင် လှလှပပ ဆွဲကန်သော ဘောလုံးမှာ ဂိုးတိုင်ဘေးမှ ကပ်ထွက်သွားသဖြင့် ကမ္ဘောဇတို့ သက်သာရာရခဲ့သည်။
.jpg)
တောက်လျှောက်တိုက်စစ်ဆင်နေသော မကွေးဘက်သို့ ကမ္ဘောဇတို့၏ ထိုးဖောက်ရန် ကြိုးစားမှုမှာ မိနစ်(၃၀)မှ စတင်နိုင်ခဲ့ပြီး ခင်မောင်လွင် နောက်ပြန်ချပေးသည့် ဘောလုံးကို ၀င်းမင်းထွဋ် ပြေးကန်သော်လည်း မကွေးနောက်ခံလူတစ်ဦးနှင့် ထိထွက်သွားသဖြင့် ကမ္ဘောဇတို့ ဂိုးစောစောရခွင့် ဆုံးရှုံးခဲ့သည်။ မကွေးက ပွဲကိုဆက်လက်ဦးဆောင်ခဲ့ပြီး (၃၇)မိနစ်တွင် စိုးမင်းနိုင် ဂိုးသမားနှင့် တစ်ဦးချင်းရင်ဆိုင်အတွေ့ ကမ္ဘောဇဂိုးသမား ကျော်ဇင်ထက်က အကောင်းဆုံးလက်စွမ်းပြ တားဆီးသွားသဖြင့် မကွေးတို့ နစ်နာခဲ့ပြန်သည်။ (၃၉)မိနစ်တွင် တိုက်စစ်ဧရိယာအတွင်း လေးကန်နေသည့် ၀င်းမင်းထွဋ်ကိုထုတ်ပြီး ကမ္ဘောဇတို့ ကစားကွက်ဗြူဟာ စတင်ပြောင်းလဲလိုက်သည်။ ၀င်းမင်းထွဋ်အစား ၀င်လာခဲ့သည့် စထက်နိုင်ဝင်းကြောင့် ကမ္ဘောဇတိုက်စစ်အား အနည်းငယ်တက်လာပြီး (၄၂)မိနစ်တွင် ဥာဏလွင် ဖြတ်တင်ပေးလိုက်သော ဘောလုံးကို ကမ္ဘောဇမှ အောင်သန်းဝင်း ပြေးပိတ်သော်လည်း နောက်ကျသွားပြန်သည်။ ပထမပိုင်း ပြီးကာနီးတွင် နေဇော်ထက် အမှတ်မထင် ပြေးကန်သော ဘောလုံးအား မကွေးဂိုးသမား မျိုးကျော်အောင် ပုတ်ထုတ်လိုက်နိုင်သဖြင့် ပထမပိုင်းအပြီးတွင် နှစ်သင်းလုံး ဂိုးမရှိသရေကျနေခဲ့သည်။ ဒုတိပိုင်း စတင်ချိန်တွင် အပြန်အလှန် ပိုရှိလာပြီး (၅၃)မိနစ်တွင် စထက်နိုင်ဝင်းက မင်းမင်းထွန်း၏ ဖြတ်တင်ဘောကို ခေါင်းတိုက်ဂိုးသွင်းရန် ကြိုးစားသော်လည်း မကွေးဂိုးသမား ဖမ်းမိသွားသည်။ နောက်တစ်မိနစ်တွင် မကွေးဘက်မှ ဇော်ထက်အောင်လှမ်းကန်သော ပြစ်ဒဏ်ဘောကို ကျော်ဇင်ထက် ခက်ခက်ခဲခဲ ကာကွယ်သွားရသည်။ ဆက်တိုက်လိုလိုပင် မကွေးဘက်မှ အောင်မြင့်အေးနှင့် ခိုင်ဇော်ထွန်းတို့၏ န်ချက်များကို ကျော်ဇင်ထက် လက်စွမ်းပြ တားဆီးခဲ့ပြန်သည်။ (၆၆)မိနစ်တွင် ကမ္ဘောဇမှ ခင်မောင်လွင် ကန်ခွင့်တစ်ကြိမ်ရသော်လည်း ထိချက်မမှန်သဖြင့် ဘေးထွက်သွားခဲ့သည်။ ဒုတိယပိုင်း တစ်ပိုင်းလုံးတွင် ကမ္ဘောဇသည် ခံစစ်ကို ကျစ်လစ်စွာစုစည်းပြီး တန်ပြန်တိုက်စစ်ချောင်းကာ မကွေးဘက်သို့ ထိုးဖောက်သောဗြူဟာကို အသုံးပြုသွားခဲ့သည်။
.jpg)
မကွေးအသင်းက တစ်သင်းလုံး တရစပ်ထိုးစစ်ဆင်နေရာမှ မထင်မှတ်သော အချိန်တွင် ကြီးကြီးမားမား ပြန်လည်ပေးဆပ်လိုက်ရသည်။ ကမ္ဘောဇ၏ တန်ပြန်တိုက်စစ်ဗြူဟာသည် မိနစ်(၇၀)တွင် အလုပ်ဖြစ်ခဲ့ပြီး ခင်မောင်လွင် ကန်တင်ပေးသော ဘောလုံးကို စိုးမင်းဦးက ခေါင်းတိုက်ပြီး မကွေး၏ ဗိုလ်လုပွဲ မျှော်လင့်ချက်များကို သေဆုံးစေမည့် တစ်လုံးတည်းသော အနိုင်ဂိုးကို ရယူပေးသွားသည်။ မကွေးကစားသမားများသည် တိုက်စစ်ဆင်ရေးကိုသာ အာရုံပြုနေခဲ့ရာမှ ခံစစ်တွင် လျော့ပါးမှုအချို့ ပေါ်ပေါက်ခဲ့ပြီး ယခုလို ဂိုးပေးလိုက်ရခြင်းဖြစ်သည်။ တစ်ဂိုးရပြီးနောက် ပွဲမှာပိုသွက်လာပြီး ခံစစ်နှင့်တိုက်စစ် အရှိန်အဟုန်ပြင်းစွာ အားပြိုင်မှုကို ပရိသတ်များ မျက်ဝါးထင်ထင် တွေ့ခွင့်ရခဲ့သည်။ မကွေးကလည်း ဖောင်ဖျက်ပြီး တိုက်စစ်ကို အုပ်စုဖွဲ့ကာ တရကြမ်းထိုးဖောက်ခဲ့သလို ကမ္ဘောဇ ခံစစ်ကြောင်းကလည်း အုတ်တံတိုင်းကြီးများအလား မာကျောတည်ငြိမ်စွာ ပိတ်ဆို့ကစားခဲ့သည်။ ပွဲမှာ ပြီးခါနီးလေ မြိုင်လေဖြစ်ပြီး ဖိအားကြီးမားစွာ ရရှိနေသည့် မကွေးအသင်းမှာ တည်ငြိမ်လှသည့် ကမ္ဘောဇကို မထိုးဖောက်နိုင်တော့ဘဲ (၁-၀)ဖြင့် အရေးနိမ့်ခဲ့ရသည်။ ယခုပွဲအတွက် အကောင်းဆုံးဆုကို ထူးထူးချွန်ချွန် လက်စွမ်းပြခဲ့သည့် ကမ္ဘောဇဂိုးသမား ကျော်ဇင်ထက်က ထိုက်တန်စွာ ရရှိသွားခဲ့သည်။ ယခုပွဲတွင် ကမ္ဘောဇ အနိုင်ရရှိသော်လည်း အမှတ်ပေးဇယားမှ ရပ်တည်မှု အပြောင်းအလဲမရှိဘဲ မကွေးက တတိယနှင့် ကမ္ဘောဇက စတုတ္ထတွင် ဆက်ရှိနေသည်။
ယခုပွဲရလဒ်ကို စောင့်ကြည့်နေရသည့် ရန်ကုန်ယူနိုက်တက်အတွက် သက်မနိုင်ခဲ့ပြီဖြစ်သလို တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံ ဘောလုံးသမိုင်းတလျှောက် ပထမဆုံးဖြစ်သည့် ဆုကြေးစား ဘောလုံးပြိုင်ပွဲကြီး၏ သမိုင်းဝင် ဗိုလ်လုပွဲစဉ်ကို မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံနှင့် အပြိုင်နွှဲရတော့မည်ဖြစ်သည်။ ထိုနှစ်သင်းသည် အမှတ်ပေးပွဲအဆင့်က တွေ့ဆုံရာတွင် (၂)ဂိုးစီ သရေကျထားသောကြောင့် ယခုပွဲသည်လည်း ယှဉ်ပြိုင်မှု ပြင်းထန်သည့် အကြိတ်အနယ် ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာမည်ဟု ပရိသတ်များက မျှော်လင့်လျက်ရှိသည်။
Ref: SoccerMyanmar
Photo: SoccerMyanmar