၎င်းအား ရီးယဲလ်မက်ဒရစ် ပရိသတ်များက သောင်းသောင်းဖြဖြ ကြိုဆိုသည့်အတွက် အံ့မခန်း ပီတိဖြစ်ရပါကြောင်း ဘရာဇီးလ်လက်ရွေးစင် ရီကာဒိုကာကာက ပြောကြားခဲ့သည်။ အေစီမီလန်မှ ပေါင်(၅၆)သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာသည့် (၂၀၀၇)ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ကွင်းလယ်ဗိသုကာသည် ဇူလိုင်လ (၃၀)ရက်နေ့က ရီးယဲလ်မက်ဒရစ်၏ ဘာနေဗြူးကွင်းကြီးတွင် ပရိသတ်များနှင့် တွေ့ဆုံခဲ့သည့် မိတ်ဆက်ပွဲ အခမ်းအနားအတွက် ကြည်နူးကျေနပ်လျက်ရှိသည်။ စပိန်ထိပ်သီး အသင်းကြီးကို အားပေးသည် ပရိသတ်(၅၀၀၀၀)ကျော်တို့သည် ၎င်းတို့၏ စတားအသစ်အား နွေးထွေးစွာ လာရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ အခမ်းအနားအတွင်း ကာကာက ရီးယဲလ်တွင် ၎င်းဝတ်ဆင်မည့် ကျောနံပါတ်(၈)အင်္ကျီကိုလည်း ပြသခဲ့သည်။

(မိတ်ဆက်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့်ကာကာ)
ကာကာသည် ရီးယဲလ်တွင် တစ်ပါတ်ပေါင်(၂၀၀၀၀၀)ခန့် လစာဖြင့် (၆)နှစ်သက်တမ်း စာချုပ်တစ်ရပ် ချုပ်ဆိုထားပြီဖြစ်သည်။ ၎င်းအနေနှင့် အသင်းဟောင်း အေစီမီလန်ကို ကျောခိုင်းနိုင်ရန် ခက်ခဲစွာ ဆုံးဖြတ်ခဲ့ရကြောင်း ကာကာက မိတ်ဆက်ပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။ သို့သော်လည်း ရီးယဲလ်ကဲ့သို့ အစဉ်အလာ ကြီးမားလှသည့် အသင်းကြီးတွင် ရင်ဆိုင်ရမည့် စိတ်ခေါ်မှုများကို မျက်ကွယ်ပြုရန် ခဲယဉ်းကြောင်းလည်း ကာကာက ၀န်ခံခဲ့သည်။ ထို့အပြင် လက်ရှိရီးယဲလ်အသင်း ကစားသမားများနှင့် ရီးယဲလ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)ဖြင့် ခေါ်ယူခဲ့သော ခရစ္စတီယာနို ရော်နယ်လ်ဒိုပါ ၎င်းနှင့် အချိတ်အဆက်မိမိ ကစားနိုင်ပြီး ရီးယဲလ်အသင်းအတွက် အောင်မြင်မှုများ ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ထားကြောင်းလည်း ကာကာက သတင်းထောက်များအား ပြောကြားသွားသည်။ ရီးယဲလ်သည် မကြာမီရက်ပိုင်းအတွင်း ရော်နယ်လ်ဒိုအတွက် မိတ်ဆက်ပွဲကို ကျင်းပရန် စီစဉ်နေပြီး လက်ရှိကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ပေါ်တူဂီလက်ရွေးစင် တောင်ပံလူသည် ကျောနံပါတ်(၉)ကို ရွေးချယ်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
Source: bleacherreport
More photos on PLANET...