Guest. It's 05:41 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
အီရန်ဆန္ဒပြပွဲများအတွက် မူဆာဗီးအပါအဝင် ခေါင်းဆောင်သုံးဦးအား စွဲချက်တင်
Posted on Jul 02 09 - 03:38 PM | Hits : 1150
အီရန်ဆန္ဒပြပွဲများအတွက် မူဆာဗီးအပါအဝင် ခေါင်းဆောင်သုံးဦးအား စွဲချက်တင်

အီရန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြ ဆူပူအုံကြွမှုများအတွက် အီရန်အစိုးရက ထင်ရှားသော အတိုက်အခံခေါင်းဆောင် (၃)ဦးကို စွဲချက်တင်လိုက်ကြောင်း သိရသည်။ လက်ရှိသမ္မတ မိုဟာမက် အမာဒီနီဂျက်အား ဆန့်ကျင်ဆန္ဒပြသူများအား သွေးဆောင်လှုံ့ဆော်ပေးခြင်းဖြင့် တိုင်းပြည်ငြိမ်ဝပ်ပိပြားမှုကို ပျက်စီးစေသည်ဆိုသော စွဲချက်ဖြင့် မာဟိုစိန်မူဆာဗီး၊ အယာတိုလာ မိုဟာမက်ခါတမီနှင့် မာဒီကာရူဘီတို့ (၃)ဦးအား အီရန်တရားရေးဌာနက စစ်ဆေးသွားမည်ဖြစ်သည်။ ၀န်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်သည့် အသက်(၆၇)နှစ်အရွယ် မူဆာဗီးသည် ရွေးကောက်ပွဲတွင် အရေးနိမ့်ပြီးနောက် ၎င်းအားထောက်ခံသည့် အီရန်ပြည်သူ သိန်းနှင့်ချီပြီး ဆန္ဒပြခဲ့သဖြင့် နိုင်ငံတော် မငြိမ်မသက် ဖြစ်စေခဲ့ရကြောင်း တရားရေးဌာနကဆိုသည်။

Iran

(မူဆာဗီးနှင့် ၎င်းအားထောက်ခံသည့် ဆန္ဒပြသူများ)

မူဆာဗီးကမူ ၎င်း၏၀က်ဘ်ဆိုက်အတွင်း “ခုချိန်ဟာ နောက်မကျသေးပါဘူး။ ကျွန်တော်တို့တွေ ညီညီညွတ်ညွတ်နဲ့ သမိုင်းတွင်မယ့် တာဝန်ကြီးတစ်ခုကို ထမ်းဆောင်ခဲ့ပြီးပါပြီ။ နောက်ထပ်ဆန္ဒပြပွဲတွေ ဆက်လုပ်ပြီး ကျွန်တော်တို့ ပြည်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်ကြရပါမယ်။ ဒါပေမယ့် လူထောင်နဲ့ သောင်းနဲ့ချီပြီး သွေးမြေကျမယ့် အဖြစ်မျိုးကိုတော့ ကျွန်တော် မလိုလားပါဘူး”ဟု ရေသားခဲ့သည်။ အီရန်သမ္မတဟောင်း တစ်ဦးလည်းဖြစ်ပြီး နိုင်ငံရေးနယ်ပယ်တွင် ထင်ပေါ်ကျော်ကြားနေဆဲဖြစ်သော အသက်(၆၅)နှစ်အရွယ် ခါတမီကမူ ယခုကဲ့သို့ တရားစွဲဆိုမှုသည် ပြည်သူများ၏ ဒီမိုကရေစီ ရပိုင်ခွင့်ကို စော်ကားခြင်းဖြစ်ကြောင်း တုန့်ပြန်ထားသည်။ ထို့အပြင် အီရန်အစိုးရက ဆန္ဒပြမှုများအား အကြမ်းနည်းဖြင့် နှိမ်နင်းခဲ့ခြင်းသည် တိုင်းပြည်၏ လူ့အခွင့်အရေးအပေါ် အဆိပ်ခတ်ခြင်းသာဖြစ်ကြောင်း ခါတမီက ပြောဆိုလိုက်သည်။ အသက်(၇၂)နှစ်အရွယ် ရှိပြီဖြစ်ပြီး ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့သည့် ကာရူဘီကလည်း “ပြည်သူတွေရဲ့ စစ်မှန်တဲ့ ဆန္ဒတိုင်းကို အစိုးရက နည်းမျိုးစုံနဲ့ ပိတ်ထားခဲ့တာပါ။ ဘယ်အခြေအနေရောက်ရောက် ကျွန်တော်ကတော့ ဆက်ပြီးတိုက်ပွဲဝင်သွားမှာပါပဲ”ဟု ၎င်းပိုင်ဆိုင်သည့် သတင်းစာမှတဆင့် ထုတ်ဖော်ကြေညာခဲ့သည်။ ယခုလောလောဆယ်တွင် အဆိုပါ သတင်းစာတိုက်မှာ အီရန်အစိုးရ၏ ပိတ်ဆို့မှုကို ခံထားရသည်။

Iran

(အပြင်းအထန်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများ)

ယခုအချိန်တွင် ခေါင်းဆောင်(၃)ဦးအား တီဟီရန်မြို့တော်ရှိ ဗဟိုတရားရုံးက ဖမ်းဆီးမိန့် ထုတ်ပြန်ထားခြင်းနှင့် ပတ်သတ်ပြီး အီရန်အရေး လေ့လာသူတစ်ဦးက “အမာဒီနီဂျက်က သူ့အာဏာအတွက် အစွမ်းကုန် ကာကွယ်မယ့် သဘောပါပဲ။ မူဆာဗီးတို့ (၃)ယောက်စလုံးဟာ အနည်းဆုံး နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်မျိုးတော့ သတ်မှတ်ခံရမှာပါ။ ပိုဆိုးရင်တော့ သူတို့ကို နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်တယ်ဆိုတဲ့ ပုဒ်မမျိုးတပ်ပြီး ထောင်ထဲ ပို့လိုက်လိမ့်မယ်”ဟု သုံးသပ်ပြောဆိုသွားသည်။ လက်ရှိအချိန်တွင် တီဟီရန်မြို့တော်အတွင်း ဆန္ဒပြမှုများ ငြိမ်သက်သွားပြီဖြစ်သော်လည်း လုံခြုံရေးအရ အတိုက်အခံခေါင်းဆောင်များအား အီရန်အစိုးရက မည်သူနှင့်မျှ တွေ့ဆုံခွင့်မပြုကြောင်း သိရသည်။ “အဓိက အရေးကြီးတဲ့ အချက်ကတော့ ဆန္ဒပြတဲ့ အင်အားစုက ဘယ်လောက်ကြီးထွားနေသလဲ၊ ဘာတွေလုပ်ပြနိုင်သလဲ သေချာသိဖို့ပါ။ ပြည်သူတွေဘက်က လက်နက်ကိုင် စစ်သားတွေကို ဘယ်အတိုင်းအတာအထိ ရင်ဆိုင်နိုင်မလဲဆိုတာကလည်း အရေးကြီးတဲ့ မေးခွန်းတစ်ခုပါပဲ”ဟု အဆိုပါ အီရန်အရေး လေ့လာသူကဆိုသည်။ ဇူလိုင်လ(၁)ရက်နေ့က အီရန်အစိုးရ တရားရုံးက ခေါင်းဆောင်(၃)ဦးကို စွဲချက်တင်ကြောင်း ကြေညာပြီးနောက် ၎င်းတို့အားလုံးနှင့် မိသားစုများကို နေအိမ်အတွင်း ထားရှိကာ အီရန်လုံခြုံရေး တပ်ဖွဲ့များက မျက်စိဒေါက်ထောက် စောင့်ကြည့်လျက်ရှိသည်။ အီရန်ဗဟိုတရားရုံးက ၎င်းတို့(၃)ဦးလုံးသည် နိုင်ငံတော်၏ ရပ်တည်မှုအတွက် အလွန်အန္တရာယ်များသော လုပ်ရပ်များကို ဦးဆောင်ခဲ့ကြောင်း စွပ်စွဲထားပြီး ရုံးတင်စစ်ဆေးမည့်နေ့ကို ကြိုတင်ကြေညာခြင်း မရှိသေးကြောင်းလည်း သတင်းရရှိသည်။

Source: TimesOnline

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.