ဇူလိုင်(၅)ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် MNL Cup ဗိုလ်လုပွဲအဖြစ် ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံFCတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ အဆိုပါ ဗိုလ်လုပွဲစဉ်သို့ မန္တလေးတိုင်း ကိုယ်စားပြုယှဉ်ပြိုင်မည့် ရတနာပုံFC၏ မန္တလေးပရိသတ်များ လိုက်ပါအားပေးနိုင်ရန် မန္တလေး-ရန်ကုန် ရထားတစ်စင်းလုံးကို ငှားရမ်းထားပြီးဖြစ်ကြောင်း သိရသည်။ ရတနာပုံFCကို လိုက်ပါအားပေးမည့် မန္တလေးသားများအတွက် ဇူလိုင်(၄)ရက်၊ ည(၉)နာရီခွဲထွက်မည့် မန္တလေး-ရန်ကုန် ရထားတစ်စင်းလုံးကို ငှားရမ်းထားပြီး အပြန်ခရီးစဉ်အတွက်လည်း ရထားစင်းလုံးငှားရန် မြန်မာ့မီးရထားနှင့် ညှိနှိုင်းနေကြောင်း ရတနာပုံအသင်း တာဝန်ရှိသူက ပြောကြားသည်။

(ရတနာပုံFC ပရိသတ်များ)
မီရထားတစ်စင်းလုံး ငှားရမ်း၍မရပါက အဲကွန်းဘတ်စ်ကားများ စီစဉ်သွားမည်ဟု ဆက်လက်ပြောကြားသည်။ ထို့အပြင် MNL Cupတွင် ရတနာပုံFC ဗိုလ်စွဲမည်ဟု အသင်းတာဝန်ရှိသူများနှင့် မန္တလေးပရိသတ်တို့က ယုံကြည်လျက်ရှိပြီး အောင်ပွဲခံရန်အတွက်ပင် စီစဉ်နေပြီဖြစ်သည်။ မန္တလေးမြို့မိမြို့ဖများက ဗထူးအားကစားကွင်းတွင် မြို့မတေးဂီတ၊ လဝန်းအိမ်တေးဂီတ၊ အကယ်ဒမီစိန်မွတ္တား မင်္ဂလာဆိုင်းဝိုင်းတော်၊ နာမည်ကြီး အဆိုတော်များဖြစ်သည့် Rဇာနည်၊ ဖြိုးကြီး၊ ထွန်အိန္ဒြာဗိုစသည့် အနုပညာရှင်များဖြင့် စည်ကားသိုက်မြိုက်စွာ အောင်ပွဲခံဖို့ ပြင်ဆင်ထားကြောင်း သိရသည်။
Credit: စိုင်းသာအောင် (7Day News Journal, Vol. 8, No. 16)