မန်ချက်စတာ ယူနိုက်တက်အသင်းသည် ၎င်းတို့အတွက် လိုအပ်နေသော တိုက်စစ်မှူးနေရာအတွက် အံ့အားသင့်ဖွယ် ရွေးချယ်မှု တစ်ခုအဖြစ် မိုက်ကယ်အိုဝင်အား စာချုပ်ခေါ်ယူလိုက်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ တန်းဆင်းသွားသည့် နယူးကာဆယ်လ် ယူနိုက်တက်မှ အင်္ဂလန် လက်ရွေးစင်ဟောင်း တိုက်စစ်မှူးအား မန်ချက်စတာ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုက်ခြင်းဟု သိရသည်။ အသက်(၂၉)နှစ်အရွယ် ရှိပြီဖြစ်သည့် ယခင်လီဗာပူးလ်အသင်း တိုက်စစ်သူရဲကောင်းကို အင်္ဂလန် အလယ်အလတ် ကလပ်အတော်များများက စိတ်ဝင်စားနေသော်လည်း မန်ချက်စတာက ကြားဖြတ်ခေါ်ယူသွားခဲ့ကြောင်း သတင်းများက ဆိုသည်။

ဖာဂူဆန်အနေနှင့် အိုဝင်အား ကာလတို စာချုပ်တစ်ရပ်ဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်ဖွယ်ရှိပြီး အိုဝင်ကလည်း အင်္ဂလန် ချန်ပီယံအသင်း၏ အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးတွင် ၎င်း၏ အကောင်းဆုံး ခြေစွမ်းကို တကျော့ပြန် ပြသနိုင်ရန် မျှော်လင့်နေဖွယ်ရှိကြောင်း အင်္ဂလန် မီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။ အိုဝင်အား မန်ချက်စတာက တစ်ပါတ်လျင် ပေါင်(၂၀၀၀၀)ခန့်မျှသာရှိသည့် အလွန်နည်းပါးသော ကစားကြေးတစ်ရပ်ဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်နိုင်သော်လည်း ခြေစွမ်းပြနိုင်မှုအလိုက် တစ်ပါတ်လျင် ပေါင်(၁၁၀၀၀၀)ထိ ရရှိနိုင်မည့် သဘောတူညီမှုများ ထည့်သွင်းပေးထားဖွယ်ရှိကြောင်း သတင်းများက သုံးသပ်လျက်ရှိသည်။ ဇူလိုင်လ (၂)ရက်နေ့က အဲဗာတန်၊ အက်စ်တန်ဗီလာ၊ စတုတ်ခ်စီးတီးနှင့် ဟူးလ်စီးတီးတို့၏ ပစ်မှတ်ကစားသမားအား ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သတင်းများက အတိအလင်း ဖော်ပြခဲ့ကြသည်။ ကီရင်မ်ဘန်ဇီးမားအား လက်လွှတ်ခဲ့ရသည့် ဖာဂူဆန်အနေနှင့် အိုဝင်အား ခေါ်ယူခဲ့သော်လည်း အနာတရ ဒဏ်ရာရချိန် ကြာမြင့်လွန်းသော တိုက်စစ်မှူးကြောင့် အသင်းဝန်ပိမည်ကို ပရိသတ်များက စိုးရိမ်နေကြသည်။ ယခုအချိန်တွင် မန်ချက်စတာ အသင်းကရော၊ အိုဝင်၏ အေးဂျင့်ကပါ အသေးစိတ် အချက်အလက်များကို ပြောကြားခြင်း မရှိသေးပေ။ အိုဝင်သည် ပြီးခဲ့သည့် ဘောလုံးရာသီက ဒဏ်ရာများကြောင့် အရံခုံတွင် အထိုင်များနေသော်လည်း ပြိုင်ပွဲပေါင်းစုံတွင် (၁၀)ဂိုးထိ သွင်းယူပေးထားကြောင်း သိရှိရသည်။
Source: BBC, DailyMail, News.com