အဆိုတော်ရတနာမိုင်သည် သူမ၏ တစ်ကိုယ်တော်အယ်လ်ဘမ်အား လာမည့်စက်တင်ဘာလပိုင်းတွင် ထွက်ရှိနိုင်ရန်အတွက် သီချင်းများရွေးချယ်၍ စတင်အသံသွင်းခြင်းများ ပြုလုပ်နေပြီဖြစ်ကြောင်း ပြောကြားသည်။ “တစ်ကိုယ်တော်ဆိုတော့ မအီအောင် သီချင်းအမျိုးအစားတွေကို Soft Alter, Alter, Punk, Pop, Rock, Modern Rock အကုန်ပါမယ်။ စက်တင်ဘာလမှာ ထွက်နိုင်အောင်တော့ လုပ်နေတယ်။ မထွက်နိုင်ခဲ့ရင် လာမယ့် ၂၀၁၀၊ ဇန်န၀ါရီလဆန်းပိုင်းလောက် ထွက်နိုင်အောင် စီစဉ်နေပါတယ်”ဟု မိခင်ဖြစ်သူ မိုင်ကပြောသည်။ ရတနာမိုင်၏ တစ်ကိုယ်တော်စီးရီးတွင် တေးရေးမင်းချစ်သူ၊ နောင်နောင်(Sun Flower)၊ အောင်လ၊ လင်းလင်း၊ ထင်အောင်၊ Rခိုင်၊ မိုင်နှင့် ရတနာမိုင်တို့ ပါဝင်ရေးသားကြမည်ဖြစ်ကာ သီချင်းပုဒ်ရေ ၁၂ ပုဒ်ခန့်ပါဝင်မည်ဖြစ်သည်။ ရတနာမိုင်သည် လတ်တလောတွင် စီးရီးအတွက် သီချင်းများပြင်ဆင်နေသည့်အပြင်၊ အလှဓာတ်ပုံရိုက်ကူးခြင်းများ၊ ဒင်နာပွဲများတွင် သီချင်းများဖျော်ဖြေခြင်းများရှိနေကြောင်း သိရသည်။
Credit: အတာ (7Day News Journal, Vol. 8, No. 16)