ခရစ္စတီယာနို ရော်နယ်လ်ဒိုနှင့် ပဲရစ်ဟီလ်တန်တို့ ဇာတ်လမ်းအပေါ် ပရိသတ်များက စိတ်ဝင်စားနေသော်လည်း ၎င်းတို့နှစ်ဦးသည် ရေရှည်လက်တွဲရန် အစီအစဉ်မရှိကြောင်း သိရသည်။ ယခုလအစောပိုင်းက လော့စ်အိန်ဂျလိစ်ရှိ My Houseနိုက်ကလပ်တွင် အလွန်ရင်းနှီးသည့် ဆက်ဆံမှုတစ်ခု ရှိနေဟန်ရှိသည့် ပဲရစ်နှင့် ရော်နယ်လ်ဒိုတို့ကို သတင်းထောက်များက ဓာတ်ပုံရိုက်ယူနိုင်ခဲ့သလို နောက်တစ်နေ့နံနက် အစောပိုင်းတွင် ပဲရစ်ရှိနေသည့် သူမ၏ညီမ နေအိမ်သို့ တိုးတိုးတိတ်တိတ် ၀င်ရောက်သွားသည့် ရော်နယ်လ်ဒိုကို တွေ့ရှိခဲ့ပြီးနောက် စတားနှစ်ယောက် စုံတွဲဖြစ်လာတော့မည်ဟု အများစုက ယူဆခဲ့ကြသည်။ သို့သော်လည်း ပြီးခဲ့သည့် သီတင်းပါတ်အတွင်းက ပဲရစ်က သူမနှင့်ရော်နယ်လ်ဒို ချစ်သူများ မဟုတ်ကြောင်း ငြင်းဆိုခဲ့သလို ယခုအခါ အသက်(၂၄)နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် ဘောလုံးသမားကပါ ထိုကိစ္စအား ပယ်ချသွားသည်။

(တိုးတိုးတိတ်တိတ် စီရော်နယ်လ်ဒိုနဲ့ ပဲရစ်ဟီလ်တန်)
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ရော်နယ်လ်ဒိုက ၎င်းသည် အသက်(၂၈)နှစ်အရွယ် ဟိုတယ်အမွေခံ သန်းကြွယ်သူဌေးမလေးကို သဘောကျသော်လည်း သူမအတွက် အချိန်ပေးရအောင် မအားလပ်ကြောင်း ပြောဆိုလိုက်သည်။ ရော်နယ်လ်ဒိုက “ပဲရစ်လား?။ တကယ်လန်းတဲ့ မိန်းကလေးပါ။ သူနဲ့စကားပြောရတဲ့ အချိန်တိုင်း အရမ်းကျေနပ်စရာကောင်းပါတယ်။ ကျွန်တော်ရော၊ သူပါ လူငယ်တွေပါ။ ကလပ်ထဲမှာ တွေ့တယ်။ လွတ်လွတ်လပ်လပ် စကားပြောတယ်။ ဒါပေမယ့် တခြားလူတွေအမြင်မှာ အကြီးအကျယ် အာရုံစိုက်စရာ ဖြစ်သွားတယ်”ဟု မန်ချက်စတာ ယူနိုက်တက်မှ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)ဖြင့် စပိန်ကလပ် ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့တော့မည့် ဘောလုံးသမားက ဆိုသည်။ ရော်နယ်လ်ဒိုသည် ထိုနေ့ညက ကလပ်အတွင်း ၎င်းနှင့်ပဲရစ်တို့ တွေ့ဆုံခဲ့မှုကိုသာ ပြောကြားသွားသော်လည်း နောက်တစ်နေ့တွင် ပဲရစ်၏ညီမ နစ်ကီဟီလ်တန်၏ နေအိမ်သို့ သွားရောက်ခဲ့မှုအတွက် တစုံတရာ ဖြေရှင်းခြင်း မရှိခဲ့ပေ။ ပဲရစ်ရော၊ ရော်နယ်လ်ဒိုပါ အချစ်ရေးတွင် ဇာတ်ရှုပ်ကြသူများဖြစ်သဖြင့် ယခုအခါ ဇာတ်လမ်းကောင်းတစ်ပုဒ် လွတ်သွားပြီဖြစ်ကြောင်း ပရိသတ်အချို့က မချင့်မရဲ ပြောဆိုနေသည်ဟု သတင်းများက ဖော်ပြခဲ့သည်။
Source: ChinaDaily