ဖူလ်ဟမ်အသင်းမှ ခေါ်ယူရန် စိတ်ဝင်စားနေသော အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ပီတာခရော့ခ်ျအား အီတလီထိပ်သီး အေစီမီလန်ကပါ ကြိုးပမ်းလာကြောင်း သိရသည်။ အသက်(၂၇)နှစ်ရှိ ခရော့ခ်ျသည် ငွေကြေး အကြပ်အတည်း ကြုံတွေ့နေသည့် ပို့စ်မောက်သ်မှ ထွက်ခွာမည်ဟု သတင်းကြီးနေသူဖြစ်သည်။ ရီကာဒို ကာကာအား ရီးယဲလ်မက်ဒရစ်သို့ ရောင်းချလိုက်ပြီးနောက် အသင်း၏ တိုက်စစ်အတွက် လူသစ်ရှာနေသော အေစီမီလန်သည် ခရော့ခ်ျအား ပေါင်(၁၀)သန်းခန့်ဖြင့် ကမ်းလှမ်းဖွယ်ရှိကြောင်း အင်္ဂလန် မီဒီယာများကဆိုသည်။ ခရော့ခ်ျအား ဖူလ်ဟမ်နည်းပြ ရွိုင်ဟော့ဆန်က စိတ်ဝင်စားနေသော်လည်း အေစီမီလန်ကဲ့သို့ ကမ္ဘာကျော် ကလပ်အသင်းကြီးက ကြားဝင်လာခြင်းကြောင့် ရုန်းကန်ရဖွယ် ရှိနေသည်။ အရပ်အမောင်း အလွန်မြင့်မားသည့် လီဗာပူးလ် တိုက်စစ်မှူးဟောင်းသည် ယခုနှစ်အတွင်း ပို့စ်မောက်သ်အတွက် ခြေစွမ်းပြ ဂိုးများသွင်းယူလာသဖြင့် အေစီမီလန်က သတိပြု စောင့်ကြည့်လာခြင်း ဖြစ်သည်။ အေစီမီလန်သည် ကနဦးက ၀ုလ်ဖ်ဘတ်တိုက်စစ်မှူး အီဒင်ဒက်ဇ်ကိုနှင့် အာစင်နယ် ရှေ့တန်းလူ အီမန်နျူရယ်လ် အဒီဘာယောတို့ကို ဆက်သွယ်ခဲ့သေးသော်လည်း အဆင်မပြေခဲ့ပေ။ အခြားသော သတင်းများက အေစီမီလန်၏ တိုက်စစ်မှူး စီမံကိန်းတွင် မန်ချက်စတာ ယူနိုက်တက်က စိတ်ဝင်စားနေသည့် ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ကလက်ခ်ဂျန် ဟန်တဲလားနှင့် ဆီဗီးလား တိုက်စစ်မှူး လူးဝစ်ဖေဘီယာနိုတို့လည်း ပါဝင်နေကြောင်း ဖော်ပြခဲ့ကြသည်။ အသက်(၂၈)နှစ်ရှိ ခရော့ခ်ျကမူ ၎င်း၏အနာဂတ်နှင့် ပတ်သတ်ပြီး တိကျသော မှတ်ချက်မျိုး မပေးသေးပေ။ အေစီမီလန်ကမူ ခရော့ခ်ျအား တစ်ပါတ်လျင် ပေါင်(၇၀၀၀၀)ဖြင့် (၃)နှစ်စာချုပ် ချုပ်ဆိုသွားရန် လိုလားလျက်ရှိကြောင်း သတင်းရရှိသည်။
Source: DailyMail