ပုတ်သင်မျိုးနွယ်ဝင်တွေဟာ ခန္ဓာကိုယ်ရဲ့ အရောင်အဆင်းကို ပတ်ဝန်းကျင် ရေမြေအနေအထားနဲ့လိုက်အောင် ပြောင်းလဲနိုင်တဲ့ အစွမ်းသတ္တိရှိကြပါတယ်။ သွေးအေးသတ္တ၀ါတွေဖြစ်တဲ့ အဲဒီသက်ရှိတွေဟာ ဒီစွမ်းရည်ကို သားကောင်တွေကို ထောင်ဖမ်းဖို့နဲ့ ရန်သူ့အမြင်အာရုံကို လှည့်စားဖို့အတွက် အများဆုံး သုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် ပုတ်သင်မျိုးနွယ်ဝင် တစ်မျိုးဖြစ်တဲ့ Satanicဆိုတဲ့ သစ်ရွက်ပုံ အမြီးနဲ့ တောက်တဲ့ကတော့ တခြားမျိုးနွယ်တူတွေထက်တောင် ရုပ်ပြောင်းရုပ်လွှဲ ပိုပြီးပြောင်မြောက်ပါသတဲ့။ ခန္ဓာကိုယ် အရောင်ကို ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ပြောင်းနိုင်တဲ့အပြင် ပုံသဏ္ဍန်ထူးခြားလှတဲ့ အမြီးကြောင့် ပိုပြီးတော့ ရုပ်ပြောင်းရုပ်လွှဲ ပြောင်မြောက်လာပါတယ်။

အဲဒီ Satanicတောက်တဲ့ဟာ ခန္ဓာကိုယ်ကို ခပ်ကွေးကွေးထားပြီး အမြီးနဲ့ ကွယ်ထားလိုက်တဲ့အခါ တကယ့်သစ်ရွက်ခြောက်တစ်ခုနဲ့ ခွဲရအရမ်းခက်သွားတတ်ပါတယ်။ Urolatus phantasticusလို့ သိပ္ပံနာမည်ပေးထားတဲ့ အဲဒီတောက်တဲ့တွေဟာ အများအားဖြင့် (၉)စင်တီမီတာထက် ပိုပြီးအကောင်မကြီးကြပါဘူး။ အခုဓာတ်ပုံကိုတော့ အန်ဒါဆီဘီ-မန်တာဒီယာ အမျိုးသား သဘာဝဥယာဉ်ကြီးထဲမှာ ရိုက်ယူခဲ့တာပါ။ ဒီတောက်တဲ့တွေဟာ အာဖရိကတိုက် အရှေ့ပိုင်းမှာပဲ တွေ့ရတတ်တဲ့ သတ္တ၀ါတွေလည်း ဖြစ်ပါတယ်။ ဒီပုတ်သင်တွေဟာ အမောက်ပါပြီး ကြောက်စရာကောင်းတဲ့အတွက် Satanicဆိုတဲ့ မာရ်နတ်ရဲ့နာမည်ကို ပေးထားကြတာပါ။ သူတို့ရဲ့ အနီရောင် မျက်လုံးတွေကလည်း ဒီနာမည်နဲ့ လိုက်ဖက်စေပါတယ်။ Satanic တောက်တဲ့တွေဟာ သဘာဝအလျောက် ခန္ဓာကိုယ် အရေပြားအရောင်ကို အ၀ါ၊ အစိမ်း၊ လိမ္မော်၊ ပန်းရောင်ကအစ လိုသလို ပြောင်းလဲနိုင်တဲ့ သက်ရှိတွေပါ။ ဒီအကောင်တွေနဲ့အတူ အမြီးက သစ်ရွက်ပုံစံ ဖြစ်နေတဲ့ ပုတ်သင်မျိုးနွယ်ဝင်တွေဟာ ကမ္ဘာပေါ်မှာ (၉)မျိုးပဲ တွေ့ရှိဖူးသေးပြီး အရွယ်ကတော့ (၈)စင်တီမီတာကနေ စင်တီမီတာ (၃၀)လောက်ထိ အမျိုးမျိုး ရှိတတ်ကြတယ်လို့ သိရပါတယ်။
Source: MailOnSunday