Guest. It's 06:47 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်မှာလားဆိုတဲ့ မေးခွန်းရဲ့အဖြေ
Posted on Oct 23 09 - 05:19 PM | Hits : 4693 | Save as PDF
၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်မှာလားဆိုတဲ့ မေးခွန်းရဲ့အဖြေ




မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတလွှားက အင်တာနက် သုံးစွဲသူတွေဆီကို Forward Mailအနေနဲ့ ပျံနှံ့ရောက်ရှိနေခဲ့တဲ့ မေးခွန်းကတော “၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်မှာလား”ဆိုတဲ့ မေးခွန်းပါ။ နီဘီရူယှဉ်တွဲမှုဖြစ်ရပ် (Nibiru Collision)လို့ ခေါ်ကြတဲ့ အဲဒီကိစ္စဟာ တကယ်ဖြစ်လာမှာ မဟုတ်ပါဘူးလို့ NASA (အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ)က ပညာရှင် တစ်ဦးက ပြောသွားခဲ့ပါတယ်။ နီဘီရူကိစ္စဟာ ကြီးမားလှတဲ့ ဂြိုဟ်အပိုင်းအစကြီးတစ်ခု ကမ္ဘာမြေကို (၂၁)ရာစု အစောပိုင်းမှာ တိုက်ရိုက်ထိမှန်မယ် (ဒါမှမဟုတ်) ကမ္ဘာနားက ကပ်ပြီးဖြတ်သွားမယ်ဆိုတဲ့ အယူအဆကို အခြေခံပြီး လူပြောများလာတာပါ။ ဒီအကြောင်းကို (၁၉၉၅)ခုနှစ်က zetatalk၀က်ဘ်ဆိုက် တည်ထောင်သူ အမျိုးသမီး နန်စီလေဒါက စပြီးတော့ ဖော်ထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ နန်စီဟာ သူ့ကိုယ်သူ စိတ်ဝိဥာဉ် ပေါင်းကူးနိုင်စွမ်းရှိတယ်လို့ ကြေညာထားပြီး Zeta Reticuli ကြယ်စင်ကြီးက တခြားသက်ရှိတွေနဲ့ စိတ်ချင်းစကားပြောနိုင်တယ်လို့ ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ သူဟာ ပထမဆုံး မေလ(၂၀၀၃)ခုနှစ်မှာ ကမ္ဘာရှိတဲ့ နေစကြာဝဠာ တစ်ခုလုံး ပျက်သုဉ်းတော့မယ်လို့ သူ့ကိုမိတ်ဆွေဂြိုဟ်သားတွေက အသိပေးတယ်လို့ ပြောခဲ့ပါတယ်။ နောက်ပြီးတော့ တကယ်တမ်း ကမ္ဘာပျက်မှာ (၂၀၁၀)ခုနှစ်ဝန်းကျင်လို့ ပြောင်းပြီးပြောပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၀င်ရိုးစွန်းနေရာ ရွေ့သွားတာကြောင့်မို့လို့ပါဆိုပြီး နန်စီက ပြောခဲ့သလို အဲဒီနောက်မှာတော့ လူသားမျိုးပြုတ်မယ့် ဖြစ်ရပ်ဆိုးကြီး ကြုံတွေ့မယ့် ကမ္ဘာပျက်သောနေ့ (Doomsday)ကို ကြုံရတော့မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒီအတွေးအခေါ်အရ ကမ္ဘာနဲ့ရွယ်တူလောက်ရှိတဲ့ ဂြိုဟ်ပဲ့ကြီးတစ်ခုဟာ (၂၀၁၂)ခုနှစ်လောက်မှာ လူသားတွေနေတဲ့ ကမ္ဘာကို ဦးတည်ရောက်ရှိလာမှာပါတဲ့။ တိုက်ရိုက်တိုက်မိခဲ့ရင် ကမ္ဘာတစ်ခုလုံး ပျက်စီးသွားမှာဖြစ်သလို ကပ်ပြီးဖြတ်သွားရင်တောင် အရှိန်ပြင်းလွန်းတာကြောင့် လူသားမျိုးနွယ် ပြုတ်ပြုတ်ပြုန်းလုနီးပါး ဖြစ်သွားမယ်လို့ ဆိုပါတယ်။ နန်စီရဲ့ လက်တွေ့မကျတဲ့ အယူအဆဟာ အစွန်းရောက် ဘာသာရေး အဖွဲ့တွေရဲ့ ၀ါဒဖြန့်မှုနဲ့အတူ ကြီးထွားလာပြီး “(၂၀၁၂)မှာ ကမ္ဘာပျက်မှာလား”ဆိုတဲ့ မေးခွန်းကို လူပြောများလာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပျက်မယ့်နေ့လို့ ခန့်မှန်းထားတဲ့ အဲဒီဖြစ်ရပ်ကြီးကို Code Nameအနေနဲ့ ပေးထားတဲ့ နီဘီရူဆိုတာ ရှေးဟောင်း ဘေဘီလုံ လူမျိုးစုတွေရဲ့ နက္ခဗေဒ ပညာရပ်ထဲက ဆိုးရွားကြမ်းကြုတ်တဲ့ အချိန်ကာလတစ်ခုရဲ့နာမည်ကို မှည့်ခေါ်ထားတာပါ။ နောက်ပြီးတော့ “ကောင်းကင်ဘုံရဲ့အလွန်”လို့လည်း အဓိပ္ပါယ် သတ်မှတ်နိုင်ပါတယ်။ ကမ္ဘာပျက်မယ့်နေ့ဆိုတဲ့ အခြေအမြစ်မရှိ ခန့်မှန်းအတွေးအခေါ်တွေအရ Xဂြိုဟ် (ဒါမှမဟုတ်) နီဘီရူလို့ နာမည်ပေးထားတဲ့ စကြာဝဠာ ဂြိုဟ်ပဲ့ကြီးတစ်လုံးဟာ ကမ္ဘာကို (၂၀၁၂)ခုနှစ်မှာ တိုက်ရိုက်ဝင်တိုက်တော့မှာလို့ ယုံကြည်နိုင်ပါတယ်။



NASAရဲ့ ပညာရှင် တစ်ဦးဖြစ်တဲ့ ဒေးဗစ်မော်ရစ်ဆန်ကတော့ ဒီကိစ္စကို ရယ်စရာ အိပ်ယာဝင် ပုံပြင်ကောင်းတစ်ခုလို့ ယူဆထားတာပါ။ “နီဘီရူဆိုတာ ကျွန်တော်တို့ရဲ့ လက်တွေ့လေ့လာမှုထဲမှာ လုံးဝမရှိတဲ့အရာဆိုတာ ခင်ဗျားတို့ သိဖို့တော့ လိုမှာပါ”လို့ မော်ရစ်ဆန်က Washington Post သတင်းစာကြီးနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။ (၂၀၁၂)ခုနှစ်မှာ ကမ္ဘာနဲ့ Xဂြိုဟ်ဝင်တိုက်လို့ ကမ္ဘာကြီး ပျက်တော့မယ်ဆိုတာဟာ လူ့သမိုင်းခေတ်သစ်တစ်ခုကို စတော့မယ်လို့ စိတ်ကူးယဉ်ဇာတ်ကားကောင်းကောင်း ရိုက်ချင်နေတဲ့ ဟောလီးဝုဒ် ကုမ္ပဏီတွေအတွက် အခွင့်အရေးကောင်းတစ်ခုထက် ဘာမှမပိုဘူးလို့ မော်ရစ်ဆန်က ဆိုပါတယ်။ ရှေးဟောင်းဆူမားရီးယန်း မျိုးနွယ်စုတွေရဲ့ မှတ်တမ်းထဲမှာ Zenchriaဆိုတဲ့ ခေတ်တစ်ခုတုန်းက နီဘီရူဆိုတဲ့ ကြယ်ကြီးကို မြင်လိုက်ရတဲ့အကြောင်း မှတ်တမ်းကလွဲပြီး သမိုင်းတလျှောက် ဘယ်သူမှ နီဘီရူဆိုတဲ့ စကြာဝဠာထဲက ဂြိုဟ်ပဲ့ကြီးအကြောင်း ပြောခဲ့၊ ရေးခဲ့တာ မရှိပါဘူး။ တကယ်တော့ဒါဟာ လူ့သမိုင်းကို အခြေခံ ခုတုံးလုပ်ပြီး လုပ်ကြံထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်လို့ မော်ရစ်ဆန်က ပြောပြခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မာယာလူမျိုးစုတွေရဲ့ ကာလရှည်ကြာ ပြက္ခဒိန်ကလည်း (၂၀၁၂)ခုနှစ် ကျရောက်တဲ့အချိန်မှာ ကမ္ဘာပျက်မယ်လို့ ဇာတ်လမ်းကောင်းကောင်းလေးတစ်ခု ဖန်တီးထားခဲ့တာကလည်း ရှိနေတာမို့ပါ။



မာယာတွေ ယုံကြည်ထားတာအရ Batun 13ဆိုတဲ့ အချိန်ယန္တယားစက်ဝိုင်း ကုန်ဆုံးသွားပြီးတဲ့အချိန်ဖြစ်တဲ့ (၂၀၁၂)ခုနှစ်လောက် ကာလမှာ Batun 14ဆိုတဲ့ အချိန်စက်ဝိုင်း နောက်တစ်ခု စပါလိမ့်မယ်။ အဲဒီအချိန်မှာ ကမ္ဘာတစ်ခါပျက်မယ်လို့ ဆိုထားတာကိုး။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ (၂၀၁၂)ခုနှစ်မှာ ကမ္ဘာကြီးကို ဘယ်အာကာသ တိုက်ခိုက်မှုမှ ရောက်လာမှာ မဟုတ်ဘူးလို့ အာမခံထားပါတယ်။ ကမ္ဘာပျက်မယ့်နေ့ကို အတိအကျ မသိနိုင်ပေမယ့် (၂၀၁၂)ခုနှစ်ထိတော့ ကမ္ဘာဟာ အကောင်းအတိုင်း ရှိနေမှာပါ။ တကယ်တော့ အရင်ကလည်း ခုလိုမျိုး ကမ္ဘာပျက်မယ်ဆိုတဲ့ စိတ်ကူးယဉ် ကောလဟာလတွေ ရှိခဲ့တဲ့ ဥပမာတွေ အများကြီးပါ။ ထင်ထင်ရှားရှား တစ်ခုအနေနဲ့ အက်ပေါ့ဟစ် (Apophis)ဆိုတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားကြီး တစ်ခုဟာ ကမ္ဘာနားက (၂၀၂၉)၊ (၂၀၃၆)နဲ့ (၂၀၆၈)ခုနှစ်တွေမှာ (၃)ခါဖြတ်သွားပြီး အဲဒီအချိန်ကျရင် လူတွေသောက်သောက်လဲ သေကြမယ်လို့ သတင်းကြီးခဲ့ပါသေးတယ်။ ဒါပေမယ့် တိုင်းတာမှုတွေအရ အဲဒီဂြိုဟ်သိမ်ကြီး ကမ္ဘာနားက ဖြတ်သွားချိန်မှာ အနည်းဆုံး မိုင်(၁၈၀၀၀)လောက် ဝေးနေမှာဖြစ်ပြီး ဒါဟာလုံးဝလုံခြုံ စိတ်ချရတဲ့ အကွာအဝေးပါလို့ ပညာရှင်တွေက အတိအလင် ခိုင်ခိုင်မာမာ ပြောကြားထားပါတယ်။ ဘာပဲဖြစ်ဖြစ် (၂၀၂၉)ခုနှစ်နား နီးလာရင် “အက်ပေါ့ဟစ်ကြီး ကမ္ဘာကို ၀င်တိုက်ရင် ဘယ်လိုလုပ်မလဲ”ဆိုတာ တွေ့ရကြုံရ၊ ဗျာများရအုံးမယ့် မေးခွန်းပါ။ “အဲဒီအခါကျတော့လည်း ကျွန်တော်တို့က ပြည်နယ်တစ်ခုစာလောက်တော့ ပြာကျသွားမှာပေါ့လို့ ဖြေလိုက်ကြတာပေါ့”လို့ မော်ရစ်ဆန်က ရယ်ရယ်မောမော ပြောသွားခဲ့ပါတယ်။

Source: Wikipedia, tgdaily

ဘာသာပြန်ရေးသားပေးပို့သူ - zyw

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.