အမေရိကန်၏ အထင်ရှားဆုံး ကုဋေကြွယ်သူဌေးကြီး တစ်ဦးဖြစ်သည့် ၀ါရင်ဘတ်ဖတ်သည် အမေရိကန်၏ ဒုတိယအကြီးဆုံး ရထားလုပ်ငန်းကြီးအား ၀ယ်ယူလိုက်ပြီဖြစ်သည်။ ယခုဝယ်ယူမှုသည် ဘတ်ဖတ်၏ စီးပွားရေး လှုပ်ရှားမှုသမိုင်းတွင် အကျယ်ပြန့်ဆုံး ခြေလှမ်းလည်းဖြစ်သည်။ သူဌေးကြီးသည် ဘာလင်တန်မြောက်ပိုင်း ဆန်တာဖီ ကော်ပိုရေးရှင်း (BNFS)အား ချုပ်ကိုင်လိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာ (၃)ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်က ဖော်ပြထားသည်။ ဘတ်ဖတ်၏ ဘက်ရှိုင်းရား ဟက်သာဝေး ကော်ပိုရေးရှင်းကြီးသည် BNFS၏ ရှယ်ယာတစ်ခုလျင် ဒေါ်လာ(၁၀၀)ဖြင့် ရှယ်ယာပမာဏ အားလုံး၏ (၇၈)ရာခိုင်နှုန်းအား ၀ယ်ယူလိုက်ခြင်းဖြင့် BNFSအား အပြည့်အ၀ ထိန်းချုပ်ခွင့် ရရှိသွားပြီဟုဆိုသည်။ ဘတ်ဖတ်သည် BNFSအား ၀ယ်ယူရန် ဒေါ်လာ(၃၄)ဘီလျံ သုံးစွဲခဲ့ရပြီး ထိုငွေကြေးပမာဏသည် နိုဝင်ဘာ (၂)ရက်နေ့ ရှယ်ယာဈေးပိတ်ချိန်တွင် ရှိနေသော ပေါက်ဈေးအရ BNFS၏ (၃၁.၅)ရာခိုင်နှုန်းကိုသာ ၀ယ်ယူနိုင်မည်ဖြစ်ရာ ဘတ်ဖတ်သည် ရှယ်ယာတန်ဖိုးအရ အကြီးအကျယ် အမြတ်အစွန်း ရနေပြီဟုဆိုနိုင်သည်။ ဘတ်ဖတ်သည် BNFS၏ ကြွေးမြီဒေါ်လာ (၁၀)ဘီလျံကိုပါ ဆပ်ပေးရန် သဘောတူထားသဖြင့် ကုမ္ပဏီတစ်ခုလုံးအား ဒေါ်လာ (၄၄)ဘီလျံဖြင့် ၀ယ်ယူလိုက်ခြင်းဟုလည်း သတ်မှတ်နိုင်သည်။ ကုမ္ပဏီ၏ CEOဖြစ်သူ မတ်ရော့စ်က ယခုကိစ္စသည် ဟက်သာဝေး ကော်ပိုရေးရှင်းအတွက် အကြီးမားဆုံး အလောင်းအစားဖြစ်ကြောင်း ဘတ်ဖတ်က ခံယူထားသည်ဟု ကော်ပိုရေးရှင်း၏ ရထားပို့ဆောင်ရေး ဌာနခွဲကို ကိုင်တွယ်ရသည့် CEO မတ်ရော့စ်က ပြောကြားသွားသည်။ ယခုသဘောတူညီမှုကို ဘုတ်အဖွဲ့နှင့် ကော်ပိုရေးရှင်း နှစ်ခုလုံးက အတည်ပြုခဲ့ပြီး အသေးစိတ် အချက်အလက်များကို လာမည့်နှစ် ပထမ(၃)လအတွင်း အပြီးသတ်သွားမည်ဟု သတင်းရရှိသည်။
Source: XinhuaNet