Guest. It's 03:08 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
စည်းမျဉ်း၊ စည်းကမ်းချိုးဖောက်သော အေဂျင်စီများကို အရေးယူတော့မည်
အေဂျင်စီများအား အလုပ်သမားထံမှဝန်ဆောင်ခရယူရာတွင် အလုပ်သမားလစာ၏ လေးဆထက်ပိုမိုမယူကြရန်....
Posted on Nov 05 09 - 01:23 PM | Hits : 4304
စည်းမျဉ်း၊ စည်းကမ်းချိုးဖောက်သော အေဂျင်စီများကို အရေးယူတော့မည်

ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများအား ပြည်ပသို့ အလုပ်သမားစေလွှတ်ရာတွင် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ တရားဝင်စေလွှတ်ကြရန်၊ ထိုသို့မဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်၍ အလုပ်သမားစေလွှတ်နေသော အေဂျင်စီများကို အရေးယူတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန လက်အောက်ရှိ အလုပ်သမား လေ့ကျင့်ရေးသင်တန်းကျောင်းတွင် အောက်တိုဘာ၃၁ရက်က ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများ  တက်ရောက်ခဲ့သောအစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သော အေဂျင်စီတချို့မှ တာဝန်ရှိသူများက ပြောသည်။  ပြည်ပသို့ အလုပ်သမားများစေလွှတ်ရာတွင် ဌာနမှသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ တရားဝင်စေလွှတ်ကြရန်၊  ယခုအခါ အေဂျင်စီတချို့မှာ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှုများရှိနေသည်ကို သိရှိရသော်လည်း ပညာပေးကာလ ဖြစ်နေသေး၍ အရေးမယူသေးခြင်းဖြစ်သည်ဟု သိရသည်။ ပညာပေးကာလကျော်လွန်ပါက စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်၍ အလုပ်သမားစေလွှတ်သော အေဂျင်စီများအား အရေးယူတော့မည်ဖြစ်ကြောင်း ဦးချစ်ရှိန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပြည်ပသို့ အလုပ်သမား တရားမ၀င်စေလွှတ်သော အေဂျင်စီများကို ပြည်ပအလုပ်အကိုင်လိုင်စင် မရှိပါဘဲ ၀န်ဆောင်မှုပေးသည့် ပုဒ်မဖြစ်သော ပုဒ်မ၂၆ဖြင့် အရေးယူမည်ဟု သိရသည်။ တရားဝင်စေလွှတ်သည်ဆိုရာတွင် ဌာနကသတ်မှတ်ထားသည့် မလေးသို့သွားပါက အလုပ်သမားကဒ်အတွက် တစ်ဦးလျှင် ငွေငါးသောင်းကျပ်ပေးသွင်းခြင်း၊ စင်္ကာပူသွားပါက ဘဏ်တွင် အက်ဖ်အီးစ၁၀၀သွင်း၍ ဘဏ်စာအုပ်ပြုလုပ်ရန်၊ ပြည်ပတွင် အလုပ်လုပ်နေပါက မိသားစုလွှဲငွေပို့ကြရန်စသော အချက်များပါဝင်သည်။

၂၀၀၉ ခုနှစ်အတွင်း ဌာနမှတာဝန်ရှိသူများနှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ ပထမဆုံး တွေ့ဆုံဆွေးနွေးသော အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က အလုပ်သမားများကို ပြည်ပသို့ စေလွှတ်ပေးသည့်အတွက် ၀န်ဆောင်ခရယူရာတွင် လုပ်ခလစာ၏ လေးဆထက်မကျော်ရန်လည်း မှာကြားခဲ့သည်။ ထို့အပြင် အေဂျင်စီများက မိမိတို့စေလွှတ်ထားသော အလုပ်သမားများ ပြည်ပရောက်သည့်အခါ၊ လက်တွေ့လုပ်ငန်းခွင် ၀င်နေသည့်အခါများတွင်လည်း ယင်းတို့၏အခွင့်အရေးကို အကာအကွယ်ပေးရန် ဆက်လက်မှာကြားခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူများက ပြောသည်။ လက်တွေ့တွင်မူ  အေဂျင်စီများက ၀န်ဆောင်မှုရယူနေသည့်အခါ ဂျပန်သို့ သင်တန်းသား အလုပ်သမားစေလွှတ်မှုတွင် ဌာနက ဒေါ်လာတစ်ထောင်ဝန်းကျင်သာ ရယူရန်သတ်မှတ်ထားသော်လည်း ကျပ်သိန်း၅၀၊ ၆၀အထိ ရယူနေပြီး၊ ဂျပန်တွင် သင်တန်းတက်ရောက် အလုပ်လုပ်ကိုင်နေသည့် ကာလတွင်လည်း လစာထဲမှ ထပ်မံဖြတ်တောက်နေကြသည်ကို သိရှိကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောသည်။

အလားတူ မလေးရှားသို့စေလွှတ်ပေးသည့် အေဂျင်စီများကလည်း ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ အေဂျင်စီများက ပြည်ပမှကမ်းလမ်းလာသော အလုပ်ခေါ်စာများကို ဌာနသို့တင်ပြရာတွင် ခွင့်ပြုချက်ရရန် အချိန်ပေးရခြင်းနှင့် ပတ်သက်၍လည်း လွန်ခဲ့သည့် လအနည်းငယ်မှစတင်၍ အလုပ်သမားဝန်ကြီးဌာနက ပြည်ပမှအလုပ် အမှာစာများ မှန်ကန်မှုရှိမရှိကို ထိုနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနများ၊ ထိုနိုင်ငံရှိ မြန်မာသံရုံးများနှင့် ချိတ်ဆက်၍စုံစမ်းပြီး ခိုင်မာမှုရှိသော အလုပ်ခေါ်စာများကိုသာ ခွင့်ပြုနေ၍ဖြစ်ကြောင်း ဦးချစ်ရှိန်က ရှင်းပြခဲ့ကြောင်း သိရသည်။ ထိုသို့စစ်ဆေးရာတွင် အေဂျင်စီများက တင်ပြသည့် ပြည်ပမှအလုပ်ခေါ်ယူမှု ဦးရေတစ်ထောင်တွင် တစ်ရာခန့်သာ မှန်ကန်နေသည်ကိုတွေ့ရကြောင်း သိရသည်။ ထို့အပြင် အေဂျင်စီများအနေဖြင့် ပြည်ပသို့အလုပ်သမားများ မစေလွှတ်မီ လုပ်ငန်းခွင်ဝင်သင်တန်းများ ဖွင့်လှစ်ကြရန်နှင့် ထိုသို့ဖွင့်လှစ်ပြီးပါကလည်း သင်တန်းဆင်းလက်မှတ်များကို ထုတ်ပေးကြရန် မှာကြားခဲ့သည်။ နံနက်၁၀နာရီမှ ၁၁ကျော်အထိ  တစ်နာရီကျော်အကြာ ကျင်းပခဲ့သော အစည်းအဝေးသို့ အေဂျင်စီများမှ တာဝန်ရှိသူတစ်ရာဦးခန့် တက်ရောက်ခဲ့သည်။

Credit: အားမာန်၊ အောင်သူရ  (7Day News Journal, Vol. 8, No.34)

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.