နာမည်ကြီး မိုဘိုင်းဖုန်းကြော်ငြာ နည်းပညာကုမ္ပဏီဖြစ်တဲ့ AdMobကို ဝယ်ယူရန် သဘောတူညီချက်ရပြီလို့ Googleက ကြေညာလိုက်ပါတယ်။ Googleဟာ ၎င်းတို့ရဲ့အင်တာနက်ကြော်ငြာလုပ်ငန်းအပြင် မိုဘိုင်းဖုန်းကြော်ငြာတွေကိုပါ ပိုမိုလုပ်ဆောင်နိုင်ရန် ရည်ရွယ်ပြီး AdMobကို အမေရိကန်ဒေါ်လာ သန်း၇၅၀ဖြင့် ဝယ်ယူသွားမယ်လို့ သိရပါတယ်။
ယခုသဘောတူညီချက်ဟာ ကြော်ငြာရှင်တွေအတွက် မိုဘိုင်းဖုန်းကြော်ငြာနယ်ပယ်မျာ ရွေးချယ်ခွင့် ပိုမိုရရှိစေမယ်လို့ Googleက ယုံကြည့်ထားပါတယ်။ “မိုဘိုင်းကြော်ငြာလုပ်ငန်းဟာ အလွန်ကြီးမားပြီး ဈေးကွက်တစ်ခုဖြစ်လာဖို့ အလွန် အလားအလာကောင်းနေပါတယ်။ လောလောဆယ်မှာ ဈေးကွက်တိုးတက်မှု အစပဲရှိပါသေးတယ်။ AdMobဟာ မိုဘိုင်းဖုန်းကြော်ငြာလုပ်ငန်းမှာ အချိန်တိုအတွင်း ထူးထူးခြားခြား အောင်မြင်နေပါတယ်”လို့ Googleထုတ်ကုန်များ စီမံခန့်ခွဲမှု ဒုတိယဥက္ကဌဖြစ်သူ Ms. Susan Wojcickiက ပြောကြားပါတယ်။ ကယ်လီဖိုးနီးယားအခြေစိုက် AdMobဟာ မိုဘိုင်းဖုန်းကြော်ငြာလုပ်ငန်းမှာ တစ်နှစ်ထက်တစ်နှစ် ဝင်ငွေများ တိုးတက်လျက်ရှိပါတယ်။ Googleရဲ့အဆိုအရ ကုမ္ပဏီနှစ်ခုဟာ လွှဲပြောင်းရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါတယ်။ Googleရဲ့ ယခုဝယ်ယူမှုဟာ အင်တာနက်ကြော်ငြာ ဈေးကွက်အပြင် မိုဘိုင်းဖုန်းကြော်ငြာ ဈေးကွက်ကိုပါ တိုးချဲ့ချုပ်ကိုင်မယ့် ခြေလှမ်းဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြပါတယ်။
Source: AdMob